ဗြိတိန်က တရုတ်ဘာသာစကားကျောင်းများတွင် ထိုင်ဝမ်ဆရာများကို အစားထိုးရန် စီစဉ်

ဗြိတိန်က တရုတ်ဘာသာစကားကျောင်းများတွင် ထိုင်ဝမ်ဆရာများကို အစားထိုးရန် စီစဉ်

ဗြိတိန်အစိုးရသည် ကွန်ဖြူးရှပ်ဌာနအဖွဲ့အစည်းများကို ဖျက်သိမ်းရန် ကြိုးပမ်းနေချိန်တွင် ပါတီနှစ်ရပ်မှ အမတ်များက ဗြိတိန်အတွက် တရုတ်ဘာသာစကားသင်ဆရာများ ပံ့ပိုးပေးရန် ထိုင်ဝမ်နှင့်ဆွေးနွေးနေသည်ဟု Taipei Timesကဖော်ပြသည်။

တရုတ်နှင့် ဗြိတိန်အကြား နှစ်နိုင်ငံဆက်ဆံရေး ဆိုးရွားနေသဖြင့် တရုတ်အစိုးရနှင့် ချိတ်ဆက်ထားသည့် ကွန်ဖြူးရှပ် ဘာသာစကား လေ့လာရေးနှင့်သင်ကြားရေးစီမံကိန်းသည် အပြင်းအထန် စိစစ်ခံနေရသည်။

ဗြိတိန်နိုင်ငံတစ်ဝန်းတွင် လည်ပတ်နေသော ကွန်ဖြူးရှပ်ဌာနအဖွဲ့အစည်းများ၏ ကျောင်းခွဲ ၃၀ ရှိသည်ဟုTaipei Times က ဆိုသည်။

ကျောင်းများသည် ဗြိတိန်ရှိ တက္ကသိုလ်၊ တရုတ်ရှိ မိတ်ဖက်တက္ကသိုလ်နှင့် ပေကျင်းအခြေစိုက် တရုတ်နိုင်ငံတကာ ပညာရေးဖောင်ဒေးရှင်းတို့ဖြင့် ထိထိရောက်ရောက် ဖက်စပ်လုပ်ကိုင်လျက်ရှိသည်။

၂၀၁၄ ခုနှစ်အစောပိုင်းတွင် လက်ရှိဗြိတိန်ဝန်ကြီးချုပ် လဇ်ထရပ်သည် ကွန်ဖြူးရှပ်စာသင်ခန်းများကွန်ရက်ကို ချီးကျူးခဲ့ သည်။ထိုအချိန်က ပညာရေးဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်နေသည့် လဇ်ထရပ်က “ဌာနအဖွဲ့အစည်း များသည် ဗြိတိန်တွင် မန်ဒရင်းဘာသာအတွက် ခိုင်မာသော အခြေခံအဆောက်အအုံများ ဖြစ်စေလိမ့်မည်” ဟု ပြောကြားခဲ့သည်။
 
သို့သော်  ပြီးခဲ့သောသီတင်းပတ်က သတင်းများအရ သူမသည် တရုတ်ကို ရုရှားနှင့်တန်းတူသတ်မှတ်လျက် ဗြိတိန်၏အထူးစိုးရိမ်ရသောအမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုအဖြစ်ကြေညာရန် ပြင်ဆင်နေခဲ့သည်။
 
တရုတ်ဘာသာစကား ကျွမ်းကျင်မှုမရှိခြင်းကြောင့် ဗြိတိန်သံခင်းတမန်ခင်းအတွက် စိုးရိမ်မှုများ မြင့်တက်လာပြီး ဘာသာစကားသင်ကြားမှုကို အလေးထားလုပ်ဆောင်လာသည်။

ဗြိတိန်လူမျိုးများသည် တရုတ်ကွန်မြူနစ်ပါတီကို ပို၍ အယုံအကြည်မရှိဖြစ်လာချိန်တွင် ဗြိတိန်လွှတ်တော်အမတ် အဲလစ်ရှာကန်းစ်က ထိုင်ဝမ်အကြောင်း လူအများနားလည်သဘောပေါက်လာစေရန် ဗြိတိန်တွင် မန်ဒရင်းသင်ကြားရာ၌ ပိုမိုကြီးမားသော အခန်းကဏ္ဍမှပါဝင်ရန် ထိုင်ဝမ်ကို ပြီးခဲ့သည့်လက တောင်းဆိုခဲ့ပြီးနောက်  ကွန်ဖြူးရှပ်ကျောင်းများတွင် ထိုင်ဝမ်ဆရာများခန့်အပ်မည့်အစီအစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly