တရုတ်က ပစိဖိတ်ဒေသတွင် စစ်ရေးခြေကုပ်ယူရန် ကြိုးစားနေဟု ဘိုင်ဒန်၏ လက်ထောက်အရာရှိပြော

တရုတ်က ပစိဖိတ်ဒေသတွင် စစ်ရေးခြေကုပ်ယူရန် ကြိုးစားနေဟု ဘိုင်ဒန်၏ လက်ထောက်အရာရှိပြော

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏လက်ထောက်ဖြစ်သူ အိမ်ဖြူတော် အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ ညှိနှိုင်းရေးမှူး ကာ့တ်ကမ်ဘဲလ်က တရုတ်သည် ပြီးခဲ့သည့် နှစ်များစွာအတွင်း ပစိဖိတ်ဒေသတွင် စစ်ရေးအရ ခြေကုပ်မှုကို တိုးချဲ့ရန် ကြိုးပမ်းခဲ့သည်ဟု ပြောသည်။
 
အပြည်ပြည်ဆိုင်ရာအကြံပေးအဖွဲ့ Carnegie Endowment for International Peace၏ ဒုတိယအကြိမ်မြောက် နှစ်ပတ်လည် အင်ဒို-ပစိဖိတ်ကျွန်းစု ဆွေးနွေးပွဲတွင် “အင်ဒို-ပစိဖိတ်ရှိ ကျွန်းများပေါ် အမေရိကန်အမြင်” ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးစဉ် ကာ့တ်ကမ်ဘဲလ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ နှစ်များစွာအတွင်းမှာ တရုတ်ဟာ ပစိဖိတ်ဒေသမှာ စစ်ရေးအရ ခြေကုပ်ယူဖို့ကြိုးပမ်းလာပါတယ်။ ဒါဟာ သြစတြေးလျ၊ နယူးဇီလန်နဲ့ ဒေသတွင်းတစ်ခုလုံးရဲ့ နိုင်ငံတွေကိုတောင် စိုးရိမ်မှုတွေ ဖြစ်စေခဲ့ပါတယ်။ အခြေအနေတွေအပေါ် အတိုင်းအတာတစ်ခုအထိ သက်ရောက်ပါတယ်” ဟု ၎င်းက ဆိုသည်။

 ကာ့ကမ်ဘဲလ်က ပစိဖိတ်ဒေသကို ကွဲပြားမှုစုံလင်သောဒေသအဖြစ် ခေါ်ဆိုလျက် အမေရိကန်သည် တယ်လီကွန်း၊ ပညာရေးဆိုင်ရာ အခွင့်အလမ်း၊ ကြီးမားသော စိန်ခေါ်မှုများနှင့် အထိနာနေသော စီးပွားရေးလုပ်ငန်းများ အပါအဝင် ပစိဖိတ်ကျွန်းစုများနှင့် ပတ်သက်လာလျှင် ကန့်သတ်ချက်ဘောင်များစွာကို တိုင်းတာရန်လိုအပ်သည်ဟု ပြောသည်။

ဩစတြေးလျသံရုံးမှ ဒုတိယအကြီးအကဲ ပေါလ်မိုင်လာကလည်း ပစိဖိတ်ဒေသတွင် ဩစတြေးလျ၏ ရပ်တည်ချက်သည် ဆင့်ကဲပြောင်းလဲနေပုံပေါ်ပြီး ယင်းသည် ရွေးကောက်ခံဝန်ကြီးချုပ်သစ် အန်သိုနီအယ်ဘန်နီ ၏ အရေးအကြီးဆုံး ဦးစားပေးဖြစ်ကြောင်းနှင့် ကြီးထွားလာသော ဗျူဟာမြောက်ပြိုင်ပွဲများကို ရင်ဆိုင်ရာတွင် ပစိဖိတ်ဦးစားပေးချက်များကို အလေးထားကြောင်း ပြောသည်။

 ဆွေးနွေးပွဲဖိုရမ်သည် ကျွန်းနိုင်ငံများမှသဘောထားများကို ဆက်လက် အလေးထားဆွေးနွေးကြပြီး ရာသီဥတုပြောင်းလဲမှု၊ ရေကြောင်းလုံခြုံရေးနှင့် အိန္ဒိယနှင့် ပစိဖိတ်သမုဒ္ဒရာရှိ ပထဝီနိုင်ငံရေးအခင်းအကျင်း ဆိုင်ရာ ခံနိုင်ရည်ရှိသော အခြေခံအဆောက်အအုံများကဲ့သို့သော ပြဿနာများ၏ သက်ရောက်မှုများကို အကဲဖြတ်ကြသည်။

ယနေ့ ပိုမိုရှုပ်ထွေးလာနေသော ကမ္ဘာကြီးတွင် နိုင်ငံများသည် ၎င်းတို့ အကျိုးစီးပွားကို ရှာဖွေပုံနှင့် ပေါ်ပေါက်လာသည့် လုံခြုံရေး စိန်ခေါ်မှုများကို တုံ့ပြန်ပုံနည်းလမ်းများကို ဆွေးနွေးရန် ကျွန်းနိုင်ငံများမှ အဓိကခေါင်းဆောင်များ၊ ကမ္ဘာ့ပညာရှင်များနှင့် အဆင့်မြင့် လုံခြုံရေးကျွမ်းကျင်သူများစုဝေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly