ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေး နှင့်တွေ့ဆုံခြင်း အပိုင်း(၂)

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေး နှင့်တွေ့ဆုံခြင်း အပိုင်း(၂)

"ကျွန်တော်ကတော့ NLD အနေနဲ့ကတော့ နိုင်ခြေရှိတယ်ဆိုတာ ကျွန်တော်သဘောပေါက်ပါတယ်။ အခုလိုကြီးတော့ အခုပြောသလို သောင်ပြိုကမ်းပြိုတော့ နိုင်မယ်လို့လည်း ကျွန်တော်မမျှော်လင့်ပါဘူး။"

မေး - နောက်တစ်ခုက ရွေးကောက်ပွဲကာလအတွင်းမှာ အသုံးစရိတ်တွေပေါ့နော်။ အသုံးစရိတ်တွေ သုံးစွဲတဲ့ စာရင်းတွေကို တင်ဖို့အတွက် ကိုယ်စားလှယ်လောင်းတွေနဲ့ သူတို့ မတင်တဲ့ ကိုယ်စားလှယ်လောင်းတွေ အချိန်နေကကော ဖေဖော်ဝါရီ ၂၀ က နောက်ဆုံးရက်လို့ သိထားလို့လေ။ သူတို့နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုး စီစဉ်ထားပါသလဲ။

ဖြေ - ကျွန်တော်တို့က ရွေးကောက်ပွဲနဲ့ ပတ်သက်လာရင် ရွေးကောက်ပွဲ အသုံးစရိတ်ဆိုတာ စာရင်းကို ပြုစုထားရပါမယ်။ ရာဇသတ်ကြီးမှာလည်း ပါပါတယ်။ ရွေးကောက်ပွဲ အသုံးစရိတ်ကို စာရင်းပြုစု ထားရပါမယ်။ စာရင်းမရှိဘူးဆိုရင် ပြစ်ဒဏ်ခံရနိုင်ပါတယ်။ ကျွန်တော်တို့ကလည်း တင်ထားပါတယ်။ ရွေးကောက်ပွဲ အသုံးစရိတ် ဖော်မြူနစ်ပဲ ချပေးထားပါတယ်။ ရွေးကောက်ပွဲ လေးဆယ် ငါးရက်ပဲ တင်ရပါမယ်။ အဲတော့ သတ်မှတ်တဲ့ ရက်အတွင်း မတင်နိုင်တဲ့ အခါကျတော့ အကုန်လုံး လွှတ်တော်ကိုယ်စားလှယ်လောင်းကတော့ ၁၇၅ယောက်ရှိပါတယ်။ လွှတ်တော်က ရွေးကောက်ပွဲကိုယ်စားလှယ် သူ့ကိုယ်စားလှယ်အဖြစ်ခန့်တာ သူတို့လည်း တင်ရပါတယ်။ အဲလိုလူတွေစုပြီးတော့ ၂၀၇ယောက်ရှိပါတယ်။ ဒါတွေကိုတိုင်းတစ်တိုင်းနဲ့ ပြည်နယ် ဘာကြောင့်မတင်တာလဲဆိုတာကို ခရိုင်တွေကနေ စစ်ဆေးပြီးတော့ ကျွန်တော်တို့ တင်ပါတယ်။ ကျွန်တော်တို့ခေါ်ပြီးတော့ သူတို့ကို ကြားနာပါတယ်။ ကြားနာဆဲကာလဖြစ်ပါတယ်။ တချို့လည်း အမိန့်ချပြီးသားရှိပါတယ်။

သို့သော်လည်း ဒါက Final  တော့ မဟုတ်သေးပါဘူး။ ဒီအမှုတွေကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့နဲ့ ပြန်ထိုင်ပါမယ်။ ထိုင်ပြီးလို့ရှိရင်တော့ မတင်ရင်တော့ သူတို့က ဥပဒေအရပဲ အရည်အချင်းပျက်ယွင်းသူ ဆိုပြီးတော့ ကျွန်တော်တို့ ကြေငြာရပါမယ်။ ဒါကလည်း နိုင်ငံတော် ပြန်တမ်းထုတ်ရပါတယ်။ ပြီးရင်တော့ သက်တမ်းတစ်လျှောက်မှာတော့ ရွေးကောက်ပွဲဖြစ်ပေါ်လာရင်တော့ ရွေးချယ်ပိုင်ခွင့် မရှိတော့ ပါဘူး။ တစ်ချိန်တုန်းကတော့ ကျွန်တော်တို့က ဟိုတုန်းကလည်း ရှိခဲ့ဘူးပါတယ်။ ဆိုကြပါစို့ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း သူ့ခင်ဗျာ ရွေးချယ်ပိုင်ခွင့် မရှိတော့ပါဘူး။

ကျွန်တော့်လက်ထက်မှာတော့ နည်းဥပဒေလည်း ဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်ပြင်လိုက်ပါတယ်။ ဒုတိယအကြိမ် လွှတ်တော်ကာလအတွင်းမှာတော့ ပေါ်ပေါက်လာတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့် မရှိပါဘူး။ ၂၀၂၀ မှာ ယှဉ်ပြိုင်ခွင့်ရှိပါတယ်။ အဲတော့ ဒါတွေကို အခုတော့ ၂၀၇ယောက်စလုံး ကြားနာဆဲဖြစ်ပါတယ်။ အားလုံးပြီးသွားရင်တော့ ဆုံးဖြတ်ချက်တွေ  ကျွန်တော့်ဆီ ပြန်တင် ပါမယ်။ တင်ပြီးရင် Review  လုပ်ပြီးတော့ အဲတာကို အတည်ပြုပြီးတော့ နိုင်ငံတော်ပြန်တမ်း ထုတ်ပါမယ်။ နိုင်ငံတော် ပြန်တမ်းထုတ်ပြီးတော့ အရည်အချင်းပျက်ယွင်းသူ အဖြစ် ကြေငြာပါမယ်။

မေး - ရလဒ်နဲ့ ပတ်သက်လို့ နည်းနည်းလေး ဥက္ကဋ္ဌကြီးကို မေးချင်လို့ပါ။ ရွေးကောက်ပွဲရလဒ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD  က အပြတ်သတ်နဲ့ နိုင်သွားတာပေါ့နော်။ နိုင်ခဲ့တာ။ အဲတာကို ဥက္ကဋ္ဌကြီး မျှော်လင့်လား။ အံသြလား။

ဖြေ - ကျွန်တော်ကတော့ NLD အနေနဲ့ကတော့ နိုင်ခြေရှိတယ်ဆိုတာ ကျွန်တော်သဘောပေါက်ပါတယ်။ အခုလိုကြီးတော့ အခုပြောသလို သောင်ပြိုကမ်းပြိုတော့ နိုင်မယ်လို့လည်း ကျွန်တော်မမျှော်လင့်ပါဘူး။ ကျွန်တော်တင် မမျှော်လင့်သလားဆိုတော့ ကျန်တဲ့သူလည်း မမျှော်လင့်ဘူးလို့ ကျွန်တော်ဒီလိုပဲ သိပါတယ်။ ရွေးကောက်ပွဲနီးလာလေ အားလုံးရဲ့ မီဒီယာတွေကော ကျန်တဲ့သူတွေရဲ့ သုံးသပ်ချက်တွေကတော့ အငြင်းပွားစရာ ဖြစ်ကြလိမ့်မယ်။ အခုလို သောင်ပြို ကမ်းပြို ၈၀% လောက် နိုင်လိုက်တဲ့ အခါကျတော့ တော်တော် အံသြဖို့ကောင်းပါတယ်။

မေး - ဟုတ်ကဲ့ မဲဆန္ဒရှင်တွေကို ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအနေနဲ့ ဘာများပြောချင်ပါသလဲ။

ဖြေ - မဲဆန္ဒရှင်တွေကို နိုင်တဲ့ ကိစ္စနဲ့ပြောရင် တကယ့်တကယ်တော့လည်း ယနေ့တိုင်းပြည်မှာတော့ ပြောင်းလဲသွားတာ လိုချင်နေတာကိုး။ ကျွန်တော့်ဘက်ကတော့ ရွေးကောက်ပွဲရလဒ်က လူထုရဲ့ အဆုံးအဖြတ်ပဲ။ လူထုက အပြောင်းလဲလိုချင်တဲ့ အတွက်ကြောင့် အပြောင်းလဲစေချင်တဲ့ ဆန္ဒအတိုင်းပဲ မဲပေးလိုက်တဲ့ အတွက်ကြောင့် ဒီရလဒ်ကို ကျွန်တော်တို့ လက်ခံဖို့ လိုပါတယ်။ လူထုကို ကျွန်တော်ပြောချင်တာကတော့ ဒါကတော့ ဒီကာလကတော့ ကျွန်တော်ပြောမယ့် စကားနဲ့ ကာလအရတော့ မကိုက်ပါဘူး။ အပြောင်းလဲလိုချင်တဲ့ အတွက်ကြောင့် သူတို့ မဲပေးကြတာပဲ။

ကျွန်တော်လိုချင်တဲ့ဟာ ဘာလဲဆိုတော့ လူတော်ကိုပေ့ါ။ ဘာကြောင့်လဲဆိုတော့ လူတော်တွေ လွှတ်တော်ထဲရောက်မှ နိုင်ငံတော် တည်ဆောက်နိုင်မှာပါ။ အဲတော့ လူထုကိုပြောချင်တာကတော့ ယနေ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကို ကျွန်တော်မပြောချင်ပါဘူး။ နောင်ရွေးကောက်ပွဲတွေမှာတော့ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ဖွဲ့စည်းပုံအခြေခံ ပုဒ်မ ၄ မှာ ပြောထားပါတယ်။ ပြည်သူလူထုလက်ထဲမှာ ရှိတဲ့ အချုပ်ခြာအာဏာကို တစ်နိုင်ငံလုံးကို ပျံနှံစေတယ်လို့ ပြောထားပါတယ်။ ဘယ်နည်းနဲ့ ပျံနှံ့လည်းဆိုတော့ ရွေးကောက်ပွဲနည်းနဲ့ ပျံန့ှံပါတယ်။

လူထုလက်ထဲမှာရှိတဲ့ အချုပ်ခြားအာဏာကို ကိုယ်စားလှယ်တွေကို ရွေးပြီးတော့ အပ်နှင်းလိုက်တာ။ အဲကိုယ်စားလှယ်တွေက အချုပ်ခြာအာဏာကိုင်ဆောင်ဖို့ လွှတ်တော်သွားပြီးတော့ အုပ်ချုပ်ရေး အာဏာ၊ ဥပဒေပြုရေး အာဏာ၊ တရားစီရင်ရေးအာဏာ၊အဲတော့ ဒီလို အချုပ်ခြာအာဏာကိုင်စွဲမယ့်သူတွေက လူတော်တွေ ဖြစ်စေချင်ပါတယ်။ လူထုကလည်း လူတော်တွေကို ရွေးမှ ပါတီတွေကလည်း လူတော်တွေကို အရွေးချယ် ခံကြရမှာပေါ့လေ။ ပါတီတွေကလည်းပဲ လူတော်လူကောင်းတွေ ဖြစ်အောင် ပါတီကို capacity တက်အောင် သူတို့အရည်ချင်းတွေ မြင့်မားအောင် ဆောင်ရွက်နိုင်ပါတယ်။

အဲတော့ လူထုကို ကျွန်တော် အသိပေးချင်တာကတော့ ရွေးကောက်ပွဲဟာ သိပ်အရေးကြီးပါတယ်။ လူတော်လူကောင်းတွေ ရွေးဖို့လိုပါတယ်။ လူတော်လူကောင်းတွေ လွှတ်တော်ထဲရောက်မှ နိုင်ငံတော် ကြီးကို တည်ဆောက်နိုင်မှာပါ။ လူတော်လူကောင်းတွေ လွှတ်တော်ထဲ မရောက်ဘူးဆိုရင်တော့ ကျွန်တော်တို့ သိပ်ပြီးတော့ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ အဲတော့ ဘယ်လိုပဲဖြစ်ဖြစ် လူထုအဆုံး အဖြတ်က အတည်ပါပဲ။ လူထုက အသေချာစဉ်းစားပြီးတော့ ခင်ဗျားတို့လည်း သိပါတယ်။ ပြည်ပနိုင်ငံတွေ ဒီမိုကရေစီရေချိန်လို့ပဲ ပြောရမှာပေါ့။ ဒီမိုကရေစီရေချိန်မြင့်တဲ့တိုင်းပြည်တွေဟာ ရွေးပါတယ်။

ဒီကိုယ်စားလှယ်က မိန်းမ လိုက်စားဖို့ များရွေးချင်မှရွေးတော့ပါမယ်။။ အရက်သိပ်သောက်သလား။ စာရိတ္တမဏ္ဍိုင်တိုင်း ခြစားနေလား သူ့မရွေးပါဘူး။ တာဝန်မပေးပါဘူး။ ဒီလိုပဲ ရှိပါတယ်။ သူတို့က ကိုယ်စားလှယ်ကို သေချာကြည့်ပြီးတော့မှ ရွေးပါတယ်။ ထို့အတူပဲ ပါတီလည်း ရွေးပါတယ်။ ဒီနှစ်ကတော့ ဘယ်ပါတီကို အသာစီးထားမယ်။ အထက်လွှတ်တော် ဘယ်ပါတီ၊ အောက်လွှတ်တော် ဘယ်ပါတီ အသာစီး ထားမယ်။ သူတို့က သေချာရွေးပါတယ်။

ရွေးတဲ့အခါကျတော့ ရွေးလို့လဲကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ လွတ်တော်ကိုယ်စားလှယ်လောင်းတွေ အားလုံးက အရည်ချင်းရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတယ်။ အရည်ချင်းရှိတဲ့ ပုဂ္ဂိုလ်တွေဟာ လွှတ်တော်ကိုယ်စားလှယ်အသီးသီးမှာ ရှိနေတဲ့ အခါကျတော့ ပါတီကို သူက balance  လုပ်ပြန်တယ်။ ဒါတွေဟာ သိပ်အရေးကြီးပါတယ်။ လွှတ်တော်ထဲမှာ ပြည်သူ့အသံ လွှတ်တော်အသံ ဆိုတာတော့ မှန်တယ်။ ဒါပေမယ့် လည်း လွှတ်တော်အသံနဲ့ ပြည်သူ့အသံမဟုတ်ပါဘူး။ လွှတ်တော်ထဲမှာ တစ်ပါတီထဲ ကြီးစိုးနေရင် တစ်ပါတီ အာဏာရှင်စနစ် ဖြစ်သွားနိုင်တာလဲ ရှိပါတယ်။ ဒါတွေကိုလူထုက ထိန်းကျောင်းပေးရမှာပါ။ အဲတော့ လူကိုရွေးရမယ်။ ပါတီကိုရွေးရမယ်။ ဒါတွေက ဒီမိုကရေစီရေချိန်ပေါ်မှာပဲ မူတည်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

မေး - မထင်မှတ်ပဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မဲအပြတ်သတ်နဲ့ ရာခိုင်နှုန်းအပြတ်သတ်နဲ့ နိုင်တော့ ဒီရွေးကောက်ပွဲကော်မရှင်ကို တစ်စုံတစ်ဦးကပဲ ဖြစ်ဖြစ် တစ်ဖွဲ့စည်းကပဲ ဖြစ်ဖြစ် ဖိအားပေးတာမျိုးရှိလား။ ဥပမာအားဖြင့် ရလဒ်ကြေငြာတဲ့အခါမှာပေါ့နော်။ ရွေးကောက်ပွဲကော်မရှင်ကနေ ဘယ်သူနိုင်တယ်။ဘယ်သူ ရှုံးတယ်။ ဆိုတဲ့ဟာ ကြေငြာတဲ့အခါမှာ ဖိအား ပေးမှုတွေ ရှိလား။ တစ်စုံတစ်ခုကပေါ့နော်။

ဖြေ - လက်ရှိအာဏာရပါတီနဲ့  အစိုးရအဖွဲ့တွေပေါ့လေ။ ကျွန်တော့်လုပ်ဖော်ကိုင်ဖက် တွေပါပဲ။ ကျွန်တော်တို့နှစ်ပေါင်း ၃၀ကျော်လုပ်လာတဲ့ ကျွန်တော်တို့ သဘောထားတွေလည်း သူတို့ သိပါတယ်။ ကျွန်တော့်ကို ဖိအားပေးစရာကြောင်းလည်း မရှိပါဘူး။ ကျွန်တော်လုပ်ခဲ့တဲ့ အရာအားလုံးဟာ မှန်မှန်ကန်ကန်လုပ်တဲ့ အတွက်ကြောင့် အကောင်းဆုံးဖြစ်အောင် အမှန်ကန်ဆုံးဖြစ်အောင် လုပ်တယ်ဆိုတာ သူ ယုံကြည်ပါတယ်။ တစ်ချို့လည်းပဲ ဖိအားတော့ မပေးပါဘူး။ သို့သော်လည်း မကျေနပ်ချက်တွေ လာရင်ဖွင့်ပါတယ်။ ဘယ်သူတွေ ဘာဖြစ်တယ်။ ကျွန်တော်ပြောလိုက်ပါတယ်။ အေး အဲလိုဆိုလည်း မင်း ကောင်းကောင်းသာ တင်ပါကွာ ငါမှန်မှန်ကန်ကန် စစ်ဆေး ဆုံးဖြတ်ပေးပါ့မယ်။ ကျွန်တော် ဒီလိုပဲ ဖြေလိုက်ပါတယ်။ ဖိအားတော့ မရှိပါဘူး။ မကျေနပ်ချက်တွေတော့ လာပြောတာ ရှိပါတယ်။ ဒါလည်းပဲ ကျွန်တော် ဥပဒေနှင့် အညီဆောင်ရွက်ကြပါဆိုတာကိုတော့ ကျွန်တော်ပြန်ပြောလိုက်ပါတယ်။
 မေး - ကျွန်တော်တို့ ပြီးခဲ့တဲ့  သြဂုတ်လမှာ လုပ်တဲ့ အင်တာဗျုးတုန်းကလည်း အဲဒီအကြောင်းကို ဆွေးနွေးဖြစ်ပါတယ် ခင်ဗျ။ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍပေါ့နော်။ သူတို့တွေ ခိုင်မာတဲ့ institution ဖြစ်လာဖို့ အရေးကြီးတယ်ဆိုတဲ့အကြောင်းကို ဥက္ကဋ္ဌကြီး ပြောခဲ့ပါတယ်။ ဆိုတော့ အခုရွေးကောက်ပွဲပြီးသွားပြီ။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ နိုင်ငံရေး ပါတီတွေ့ရဲ့ အားကောင်းလာမှုကို အထူးသဖြင့်တော့ ခိုင်မာတဲ့ institution တွေ ဖြစ်လာဖို့ကို ဥက္ကဋ္ဌကြီးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။ ဖြစ်လာသလား။
 
ဖြေ - ကျွန်တော့်ဘက်ကတော့ နည်းနည်းလေး နိုင်ငံရေးပါတီတွေရဲ့ institution တွေ အားနည်းချက် အားသာချက်ကတော့ နည်းနည်းလိုသေးတယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့လည်း ပါတီထောင်တာတွေက သိပ်မကြာသေးဘူး။ ပါတီလည်း နည်းနည်းများပါတယ်။ ကျွန်တော့်ဘက်ကတော့ ကျစ်ကျစ်လစ်လစ်နဲ့  ပါတီတွေ ဖြစ်စေချင်ပါတယ်။ အထူးသဖြင့် သင်ခန်းစာယူစရာတွေ အများကြီး ရှိပါတယ်။ ဥပမာ တိုင်းရင်းသားတွေဆို ပါတီတွေ ကွဲသွားတဲ့အတွက်ကြောင့် ဒါတွေလည်း မဲတွေကွဲကုန်တာ အများကြီးရှိပါတယ်။

ကျွန်တော်ကတော့ ကျစ်ကျစ်လစ်လစ်နဲ့ ဖြစ်စေချင်တယ်။ ပါတီဆိုတာ ဘာလဲ။ ကျွန်တော်ခံယူထားတဲ့ ပါတီဆိုတာကတော့ လူထုအကျိုးပြုလုပ်မယ့် ပုဂ္ဂိုလ် စုစည်းထားတာ ပါတီပါပဲ။ အဲဒီအဖွဲ့စည်းတွေက ကျစ်ကျစ်လစ်လစ်နဲ့ လူထုအကျိုး ဒေသအကျိုး နိုင်ငံတော်အကျိုးကို ထမ်းဆောင်နိုင်အောင် လုပ်ဖို့လိုပါတယ်။ အခုက ပါတီက ဖွဲ့တာပဲ ရှိတယ်။ ပါတီဝင် ထုမှာလည်း အားနည်းတယ်။ နိုင်ငံရေး ဗဟုသုတ နိုင်ငံရေး အတွေ့အကြုံ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ သိရှိရမယ့် အချက်တွေမှာလည်း အားနည်းတာ တွေ့ရပါတယ်။ အဲတာကြောင့် ကျွန်တော်တို့က ပါတီတွေလည်း များတယ်။ ပါတီတွေဘက်ကလည်း ကျွန်တော့်ဘက်က အရည်ချင်းတွေ ရှိအောင် လူထုကို စည်းရုံးနိုင်အောင် တစ်ချို့က ပါတီသာ ထောင်ထားတယ်။

လူထုကို ဘာမှ မစည်းရုံးနိုင်ဘူး။ လူထုရဲ့ ဒေသအကျိုး လူထုအကျိုးကို သေချာစည်းရုံးမှ ကျွန်တော်ယူဆတာက ပါတီဆိုတာ လူထုကို အကျိုးကို ပြုချင်တဲ့ အတွက်ကြောင့် ဒေသအကျိုး မှသည် နိုင်ငံတော် အကျိုးကို ပြုချင်တဲ့အတွက်ကြောင့် ပါတီဖွဲ့ထားတာပါ။ ဒီအဖွဲ့စည်းတွေက ကိုယ့်ရည်ရွယ်ချက်နဲ့ ညီအောင်တော့ လုပ်တဲ့နေရာမှာ နည်းနည်းအားနည်းသေးတယ်လို့ ကျွန်တော်ဒီလိုပဲ မြင်ပါတယ်။

မေး - ကျွန်တော်တို့ မီဒီယာတွေနဲ့ ပတ်သက်ပြီးတော့ ဥက္ကဋ္ဌကြီး ဘာပြောချင်ပါသလဲ။ ကျွန်တော်မီဒီယာတော်တော်များများပေါ့နော် ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ ကာလမတိုင်ခင်ကြမှသာ ဒီရွေးကောက်ပွဲ ရေးသားနည်း သင်တန်းတွေ ဘာတွေ ပို့ချရတာပေါ့နော်။ ကန့်သတ်မှုတွေ ရှိပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ကာလအတွင်းမှာ မီဒီယာတွေရဲ့ လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီးတော့ ဘယ်လို မြင်ပါသလဲ ခင်ဗျ။

ဖြေ - မီဒီယာနဲ့ ပတ်သက်လို့ ကျွန်တော်ဘာမှ အထွေအထူး ပြောစရာ မရှိပါဘူး။ မီဒီယာဆိုတာလည်း ပြောလို့သင့်တဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။ ဘာလို့တော့ သူတို့က လွတ်လပ်စွာပြောဆိုခွင့်နှင့် လွတ်လပ်စွာ ရေးသားခွင့် ရှိနေတဲ့ အတွက်ကြောင့် လွတ်လပ်စွာပြောဆိုရေးသားခြင်းကို ကျွန်တော်က တားဆီးတဲ့သဘော၊ ဝေဖန်တဲ့သဘော မဖြစ်ချင်ပါဘူး။ အဲတော့ ဒါကို ကျွန်တော်တို့ ဘာဖြစ်သလဲဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ။ လူဆိုတာတော့ ကိုယ့်ကိုယ်ကို အစဉ်ပြုစု ပျိုးထောင်နေရပါတယ်။ လူဆိုတာတော့ အမှားလည်း ရှိတတ်ပါတယ်။ အမှားလည်းရှိတဲ့ အခါကျတော့ ဒီအမှားကို သူများကို လိမ်လို့ရမယ်။ ကိုယ့်ကိုကိုယ် လိမ်လို့ မရဘူး။ ငါက မှန်တာပြောသလား။ ဘက်လိုက်ပြီးပြောသလား။ လိုရာပြောသလား။ လိုရာဆွဲပြီးရေးသလားဆိုတာ ကိုယ့်ကိုကိုယ် အသိဆုံးပါပဲ။

ဒါကို ဆုံးဖြတ်ပေးမှာတော့ လူထုပါပဲ။ နောင်ကျလို့ရှိရင် ဒါ ခင်ဗျားတို့လည်း သိပါတယ်။ နိုင်ငံခြားမှာတော့ သိပ်အဆင့်မြင့်တဲ့တိုင်းပြည်မှာတော့ ဒီမိုကရေစီမြင့်တဲ့ တိုင်းပြည်တွေမှာတော့ မီဒီယာက သိပ်သဘောကျတယ်။ မီဒီယာတွေ သိပ်အလေးထားပါတယ်။ မီဒီယာဘက်ကနေပြီးတော့ သူတို့ တွေ့ရှိချက် သုံးသပ်ချက်တွေကို သူတို့ တော်တော် အလေးထားပါတယ်။ သူတို့က မှန်မှန်ကန်ကန်နဲ့ မျှမျှတတ ရေးပေးတဲ့ အခါကျတော့ လူထုက ရပါတယ်။ ရတဲ့အတွက်ကြောင့် တော်တော်ကောင်းပါတယ်။ အဲလိုမဟုတ်ဘဲနဲ့ ဘက်လိုက်ရေးသွားတဲ့ အခါကျတော့ ကျွန်တော်ဆို ဂျာနယ်တိုင်း အားလုံးကို မဖတ်တော့ပါဘူး။ ကျွန်တော် မဖတ်ဘူးဆိုတဲ့ ဂျာနယ်ဆို ပြောလိုက်ပါတယ်။ ဒီဟာတွေ ငါ့စားပွဲပေါ် မတင်နဲ့တော့။ ကျွန်တော်ရွေးဖတ်ပါတယ်။

ဒါကလည်းပဲ ကျွန်တော့်ကို လူကြီးတွေက ဆုံးမတာပါ။ မြင်သမျှ လျှောက်ဖတ်မနေနဲ့ ဂျာနယ်ဆိုတာ ရွေးဖတ်ရတယ်။ တစ်ချို့ဆောင်းပါးတွေက တော်တော်ကောင်းပါတယ်။ တစ်ချို့လည်း ဆောင်းပါးရှင်ကို ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဖုန်းဆက်တာတွေ ဘာတွေ လုပ်ပါတယ်။ တစ်ယောက်ကို ဖုန်းဆက်ဘူးပါတယ်။ ဒီအရေးလည်း ကောင်းပါတယ်။ မီဒီယာဆိုတာ နိုင်ငံတော်မှာ သိပ်အရေး ကြီးပါတယ်။ ကျွန်တော်ကတော့ မီဒီယာတွေကို ဘာမှ ပြောစရာ မရှိပါဘူး။ လွတ်လပ်စွာ ပြောဆိုခွင့် ရှိတယ်။လွတ်လပ်စွာ ရေးသားခွင့်ရှိတယ်။ သို့သော်လည်းပဲ နိုင်ငံတော်အတွက်တော့ အလေးထားပြီးတော့ ရေးသားစေချင်ပါတယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်။

မေး - နေပြည်တော်မှာ ရွေးကောက်ပွဲကာလအတွင်းပေါ့နော်။ သတင်းစာရှင်းလင်းပွဲလုပ်တော့ သတင်းထောက်တစ်ယောက်က မေးလိုက်တဲ့အခါမှာ ဥက္ကဋ္ဌကြီးစိတ်ဆိုးပြီး မကြိုက်တဲ့ဟာ အမူရာလေး ကျွန်တော်တို့ ကြည့်လိုက်ရပါတယ်။ အခုနေပြန်ကြည့်လိုက်တဲ့ အခါကျတော့ ဥက္ကဋ္ဌကြီးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ- ကျွန်တော်က စိတ်ဆိုးတယ်ဆိုတာကတော့ ဆိုးတော့ ဆိုးခဲ့ပါတယ်။ ခက်တာက ကျွန်တော့်ဘဝမှာ စိတ်တော်တော်ရှည်တယ်။ ဒါပေမယ့် ကျွန်တော်ပေါက်ကွဲရင် ကိုယ့်ကိုကိုယ် ထိန်းလို့မရဘူး။ ကျွန်တော်အဲတုန်းက မှတ်မိပါတယ်။ ဘာမေးစရာရှိသေးလဲ မရှိရင် ပြီးပြီဆို ခုံကြီးပုတ်ပြီးတော့ ဆင်းသွားလိုက်တာ အဲတုန်းက ပေါ့နော်။ ဖေ့ဘုတ်ထဲတက်လာတယ်။

ဦးတင်အေးစိတ်ဆိုးသွားပြီဆိုပြီးတော့။ ဒီလိုပါပဲ ကျွန်တော်က  အခုနကပြောသလို မဲပုံးနဲ့ ကွန်တိန်နာကိုတောင် မခွဲတတ်တဲ့ အခါကျတော့ မဲပေါက်ဖောက်တယ် ပြောတာပေါ့။ မဲပုံးဆိုတာ တကယ့်တကယ့် ရွေးကောက်ပွဲပြီးရင် မဲပုံး မဟုတ်တော့ဘူး။ အဲထဲပစ္စည်းတွေထည့်လာတာ။ ဆိုလိုတာကတော့ ရွေးကောက်ပွဲ မဲရုံဆိုတာ မတူဘူး တစ်ချို့ရပ်ကွက်မှာ ရာဂဏန်းပဲ ရှိတယ်။ 

တစ်ချို့ရပ်ကွက်မှာတော့ ထောင်ဂဏန်းနီးနီး သွားရှိတယ်။ အဲလောက်ရှိတော့ ရေလို့ မပြီးသေးတဲ့ အခါကျတော့ မပြီးသေးဘူး။ အခုနက ရာဂဏန်းရှိတော့ ရေလို့ ပြီးတော့ ဒီစာရွက်စာတမ်းတွေ မြို့နယ်လာအပ်ရတယ်။ အဲတော့ ရှိတယ်ပုံစံတွေကို ကော်ပီတွေ ကူးရသေးတယ်။ နီးရာကော်ပီဆိုင်မှာ သွားပြီးတော့ ဆိုင်တောင်မပိတ်သေးဘူး။ ကော်ပီသွားကူးတော့ အဲမှာ မဲပုံးဖွင့်ပြီးတော့ ဘာလုပ်တယ်၊ညာလုပ်တယ်ဆိုတော့ ကျွန်တော်က နည်းနည်း ကွန်တိန်နာလား မဲပုံးလားဆိုတာ ကြိုတင်မဲပုံးဆိုတာ မနက် ၆နာရီမှာ ပြီးသွားပြီ။ အဲတာ ကြိုတင်မဲပုံးပဲ သူအပ်လိုက်ပြီဆို ကြိုတင်မဲပုံး ပြီးသွားပြီ။ အခုန မဲရေဖို့ ၆နာရီကတည်းက ပြီးသွားပြီ။ ၆နာရီနောက်ပိုင်း ည ၁၀-၁၁ နာရီလာတာ မဲပုံမဟုတ်တော့ဘူး။ ကွန်တိန်နာပဲ ဖြစ်တယ်။ ဒါတွေကို မဲပုံးဖောက်နေတယ် ဘာဖြစ်တယ် ညာဖြစ်တယ် ပြောတော့ ကျွန်တော်လည်း နည်းနည်း အဲတာ မဲပုံးမဟုတ်တော့ပါဘူးဗျာ။ အဲတာ ကွန်တိန်နာ ဖြစ်သွားပါပြီ။ အဲလိုပြောရင်းနဲ့ ဘာမေးစရာရှိလဲဆိုတော့ သူတို့လည်း မဖြေတာနဲ့ မရှိရင် ပြီးပြီဗျာဆိုပြီး ခုံပုတ်ပြီးဆင်းသွားလိုက်တဲ့ အခါကျတော့ ဂွကျသွားတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly