ပါကစ္စတန် ဆင်းဒ်ပြည်နယ်တွင် ရေဘေးကယ်ဆယ်ရေး ရန်ပုံငွေများကို အစိုးရက လွဲမှားစွာ  စီမံခန့်ခွဲနေဟု အတိုက်အခံတို့ စွပ်စွဲ

ပါကစ္စတန် ဆင်းဒ်ပြည်နယ်တွင် ရေဘေးကယ်ဆယ်ရေး ရန်ပုံငွေများကို အစိုးရက လွဲမှားစွာ  စီမံခန့်ခွဲနေဟု အတိုက်အခံတို့ စွပ်စွဲ

ပါကစ္စတန်နိုင်ငံ ဆင်းဒ်ပြည်နယ်တွင် ရေဘေးသင့် ပြည်သူများကို ကူညီထောက်ပံ့ရန်  ခွဲဝေသတ်မှတ်ထားသည့် ရန်ပုံငွေများကို အာဏာရပါတီက လွဲမှားစွာ စီမံခန့်ခွဲနေကြောင်း ဆင်းဒ်ပြည်နယ်လွှတ်တော်မှ အတိုက်အခံ ခေါင်းဆောင် ဟယ်လင်းမ် အာဒီလ် ရှိတ်ခ်က စက်တင်ဘာ ၁၁ ရက်တွင် စွပ်စွဲလိုက်ပြီး ပြည်နယ်တွင် ပါကစ္စတန် ပြည်သူ့ပါတီ (PPP) အစိုးရ၏ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများကို ဆန့်ကျင်ကန့်ကွက်ခဲ့သည်။

“ရန်ပုံငွေ ရူပီးဘီလီယံနဲ့ချီ ချထားပေးပေမယ့် ဂျိုဟီ-ဒါဒူ မိန်း နာရာ‌ တောင်ကြား ရေမြောင်းတမံကို ခိုင်မာ အောင် မလုပ်နိုင်ခဲ့ပါဘူး။ ရိုက်စ် တူးမြောင်း၊ ဟာမယ်လ် ကန်နဲ့ မန်ချာ ကန်တို့ဟာလည်း တမံကျိုးပေါက်တာ တွေ ဖြစ်ခဲ့တယ်။ တရားမဝင် ပိုင်နက် ကျူးကျော်မှုတွေကြောင့် ပါရန် ဒိုရို လိုမျိုး သဘာဝရေလမ်းကြောင်း တွေဟာလည်း ပိတ်ဆို့နေပါပြီ။ အစောပိုင်းက ဆင်းဒ်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ မဲဆန္ဒနယ်ကို ထည့်သွင်း မစဉ်းစား ဘဲနဲ့ မန်ချာ ကန်ရဲ့ ပိုလျှံ ရေတွေကိုသာ ထုတ်လွှတ်ခဲ့မယ်ဆိုရင် ကြီးမားတဲ့ ဆုံးရှုံးမှုတွေကို လျှော့ချနိုင်ခဲ့ပါ လိမ့်မယ်” ဟု အာဒီလ် ရှိတ်ခ်က ဆင်းဒ်ပြည်နယ်လွှတ်တော် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြောင်း Dawn သတင်းစာက ဖော်ပြသည်။

အကြီးအကျယ် ထိခိုက်ပျက်စီးစေသည့် ရေကြီးမှုများကြောင့် ရေဘေးသင့် ဧရိယာများတွင် သွေးလွန် တုပ်ကွေးကဲ့သို့ ရောဂါများက အလျင်အမြန် ကူးစက်ပျံ့နှံ့နေသည်ဟု ၎င်းက ပြောသည်။

“လေယာဉ်နဲ့ တင်ဆောင်လာတဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကတော့ နေ့တိုင်း လာနေပါတယ်။ ဒါပေမယ့် အဲဒါတွေက ဘယ်ကို သွားနေသလဲဆိုတာကို ဘယ်သူမှ မသိပါဘူး” ဟု အတိုက်အခံ ခေါင်းဆောင်က ပြောသည်။

“ဘီလာဝဲလ် ဇာဒါရီကတော့ တစ်နာရီသာသာအတွင်း အလှူငွေ ရူပီး ၁၃၀ ဘီလီယံ ကောက်ခံရရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အဲဒီ ရန်ပုံငွေတွေက ဘယ်သူ့အိတ်ကပ်ထဲများ ရောက်သွားတာလဲ။ ရေဘေးသင့် ပြည်သူတွေဟာ အဲဒီငွေပမာဏထဲကနေ ရူပီးတစ်ပြားတစ်ချပ်မှ မရခဲ့ပါဘူး” ဟု ရှိတ်ခ်က ပြောကြောင်း Dawn သတင်းစာက ကိုးကားဖော်ပြသည်။

ရေဘေးသင့် ပြည်သူများ ဆင်းရဲဒုက္ခများ ကြုံတွေ့ရခြင်းမှာ ပြည်နယ်ဝန်ကြီးချုပ် မူရတ် အလီ ရှား ဦးဆောင်သော ဆင်းဒ်ပြည်နယ် အစိုးရကြောင့် ဖြစ်သည်ဟု ၎င်းက စွပ်စွဲခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required