ပါကစ္စတန်တွင် ပျောက်ဆုံးနေသော ကျမ်းစာသင်ကျောင်းဆရာမကို သေဆုံးလျက် ပြန်တွေ့ပြီးနောက် ဆန္ဒပြမှုများ ပေါ်ပေါက်

By Zee5
19 September 2022
ပါကစ္စတန်တွင် ပျောက်ဆုံးနေသော ကျမ်းစာသင်ကျောင်းဆရာမကို သေဆုံးလျက် ပြန်တွေ့ပြီးနောက် ဆန္ဒပြမှုများ ပေါ်ပေါက်

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် ပက်ရှာဝါခရိုင်တွင် ပြီးခဲ့သည့်ရက်ပိုင်းက ပျောက်ဆုံးနေသည့် အသက် ၂၄ နှစ်အရွယ် ကျမ်းစာသင်ကျောင်း ဆရာမတစ်ဦး၏ အလောင်းကို စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းက ပြန်လည်တွေ့ရှိခဲ့ပြီးနောက် ဆန္ဒပြပွဲတစ်ခု ပေါ်ပေါက်ခဲ့သည်။

ကျမ်းစာသင်ကျောင်း ဆရာမ အသတ်ခံရသည့် ဖြစ်စဉ်ကို ဆန့်ကျင်ဆန္ဒပြရန် ဆွေမျိုးများနှင့် ဘတ်ဟ်ဘာ နယ်မြေနေ ဒေသခံများက ကိုဟတ်လမ်းမကြီးကို ပိတ်ဆို့ခဲ့ကြသည်။

စက်တင်ဘာ ၁၄ ရက်ကတည်းက ပျောက်ဆုံးသွားသော အသက် ၂၄ နှစ်အရွယ် ကျမ်းစာသင်ကျောင်း ဆရာမတစ်ဦး၏ အလောင်းကို စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းတွင် ဂျာနီ ခါဝါအရပ်မှ ပြန်တွေ့ခဲ့ခြင်း ဖြစ်ကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။ မိသားစုကလည်း အဆိုပါ ကျောင်းဆရာမ ပျောက်ဆုံးမှုကို အမှုဖွင့် တိုင်တန်းခဲ့သည်ဟု ၎င်းက ပြောကြောင်း Dawn သတင်းစာက ဖော်ပြသည်။

 မိသားစုဝင်များနှင့် ဒေသခံများသည် အလောင်းကို လမ်းပေါ်တွင် ထားရှိခဲ့ပြီး လမ်းကို မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ တစ်နေ့တာနီးပါး  ပိတ်ဆို့ထားခဲ့ကြကြောင်း သတင်းစာက ဖော်ပြသည်။ သို့သော် ဆန္ဒပြသူများသည် ရဲများနှင့် ညှိနှိုင်းဆွေးနွေးပြီးနောက် အလောင်းကို မြှုပ်နှံရန် သဘောတူခဲ့ကြသည်။

လူသတ်သမားများကို လေးရက်အတွင်း ရှာတွေ့ရန် စုံစမ်းဖမ်းဆီးမည်ဟု ရဲများက အာမခံ ပြောဆိုကြောင်း ဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင်ခဲ့သည့် အဝါမီ အမျိုးသားရေးပါတီ ဥပဒေပြုအမတ် ခူရှ်ဒီလ် ခန်းက ပြောသည်။ အဆိုပါ အချိန်ကာလအတွင်း လက်သည်တရားခံများကို ဖမ်းဆီးနိုင်ခြင်း မရှိပါက ပြည်သူတို့အနေဖြင့် လမ်းများပေါ် တစ်ဖန်ထွက်ကာ ပြန်လည် ဆန္ဒပြမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required