ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် စူးစမ်းစွန့်စား ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ငါးမျှားပြိုင်ပွဲ ကျင်းပ

ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် စူးစမ်းစွန့်စား ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ငါးမျှားပြိုင်ပွဲ ကျင်းပ

အိန္ဒိယ၏ ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ ပါဟယ်ဂမ်မြို့တွင် ငါးမျှားပြိုင်ပွဲတစ်ရပ်ကို စက်တင်ဘာ ၁၈ ရက်က ကျင်းပခဲ့သည်။

ကက်ရှ်မီးယား ငါးမျှားသမားများအဖွဲ့ (KAF) က ခရီးသွားနှင့် ငါးလုပ်ငန်းဌာနတို့နှင့် ပူးပေါင်းကာ စူးစမ်းစွန့်စား အားကစားနှင့် ခရီးသွားလုပ်ငန်းတို့ကို မြှင့်တင်ရန် ယခုပြိုင်ပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

နိုင်ငံတကာအဆင့် အထူးသဖြင့် ဥရောပနိုင်ငံများ ပါဝင်သည့် ပြိုင်ပွဲဖြစ်သောကြောင့် ငါးမျှားသူများက များစွာနှစ်သက်ခဲ့ကြပြီး အချိန်ကြာမြင့်စွာ ငါးမျှားခဲ့ကြသည်။ 

ငါးမျှားသည့်အလေ့အထ ဒေသတွင်းမြှင့်တင်ရန် အာဏာပိုင်များက ငါးမျှားပြိုင်ပွဲများကို ကျင်းပခဲ့ကြရာ လူငယ်များအပါအဝင် နယ်မြေခံ ငါးမျှားသမား အများအပြား ပါဝင်ခဲ့ကြသည်။

ငါးမျှားသမားများ အဓိက စိတ်ဝင်စားသည့် ထရောက်ငါးများကို ထိန်းသိမ်း မွေးမြူရန် အရေးကြီးသောကြောင့် အဆိုပါ ငါးမျိုးစေ့များကို မွေးမြူရေးကန်များသို့ ဖြန့်ဖြူပေးသလို ငါးလုပ်ငန်းဌာနကလည်း ယင်းငါးမွေးမြူရေးကို တိုက်တွန်းအားပေးလျက်ရှိသည်။ 

ကက်ရှ်မီးယား ခရီးသွားလုပ်ငန်း ညွှန်ကြားရေးမှူး ဖာဇူဟာဆစ်က “ငါးမျှားသမားများရဲ့ ပျော်မွေ့ရာဖြစ်သလို ဒီဒေသရဲ့ ထရောက်ငါးကြောင့် ကက်ရှ်မီးယားဒေသက ကမ္ဘာပေါ်မှာ ထင်ရှားကျော်ကြားပါတယ်။ နိုင်ငံတကာက ငါးဖမ်းသမားတွေကိုလည်း စွဲဆောင်နိုင်ပါတယ်။ ငါးဖမ်းခြင်းဟာလည်း ကက်ရှ်မီးယားဒေသခံတွေရဲ့ ဘဝအစိတ်အပို်ငးတစ်ရပ် ဖြစ်ပါတယ်” ဟု ပြောကြားသည်။

“ကက်ရှ်မီးယားတောင်ကြား ဒေသဟာ ငါးမျှားနိုင်ဖို့ အလားအလာ အများကြီးရှိပါတယ်။ အရင်တုန်းက ငါးမျှားသမား ရာပေါင်းများစွာဟာ ဒီဒေသကို ငါးမျှားဖို့ လာခဲ့ကြလို့ စူးစမ်းစွန့်စား အားကစားနဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးရာ ရောက်ခဲ့ပါတယ်” ဟု ငါးမျှားသူတစ်ဦးဖြစ်သည့် မိုဟာမက်ယူဆွတ်ဖ်က ပြောသည်။

ငါးမျှားပြိုင်ပွဲအား စီစဉ်ကျင်းပသူ ဆမားက ကက်ရှ်မီးယားတောင်ကြားဒေသတွင် စမ်းချောင်း ဒါဇင်များစွာ ရှိပြီး လူသိများထင်ရှားသော်လည်း ကျောက်တူးခြင်း၊ သဲများ ထုတ်ယူခြင်းနှင့် ဒေသခံများက စမ်းချောင်းများမှ ငါးများကို တရားမဝင် ဖမ်းယူခြင်းတို့‌ကြောင့်  စမ်းချောင်းများ ဆိုးရွားစွာပျက်စီး သွားကြောင်း ပြောကြားသည်။ ထို့ကြောင့် လာမည့် အနာဂတ် မျိုးဆက်သစ်များအတွက် စမ်းချောင်းများအား ဘေးကင်းစေရန်နှင့် ထိန်းသိမ်းစောင့်ရှောက်ရန် အစိုးရအနေဖြင့် ယခုကဲ့သို့ အစီအစဉ်ကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required