ရုရှနိုင်ငံတစ်ဝန်း စစ်စည်းရုံးရေးအမိန့် ဆန့်ကျင်ဆန္ဒပြပွဲများအတွင်း လူပေါင်း ၁,၃၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရ

ရုရှနိုင်ငံတစ်ဝန်း စစ်စည်းရုံးရေးအမိန့် ဆန့်ကျင်ဆန္ဒပြပွဲများအတွင်း လူပေါင်း ၁,၃၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရ
Photo - AFP

September 22

ယူကရိန်းစစ်ပွဲအတွက် ရုရှသမ္မတ ဗလာဒီမာပူတင်က အရန်တပ်ဖွဲ့ဝင်များကို စစ်မှုထမ်းစေရန် ဆင့်ခေါ်သည့် အမိန့်ထုတ်ပြန်ခဲ့ခြင်းအပေါ် ဆန့်ကျင်ကန့်ကွက်ဆန္ဒပြမှုများ စက်တင်ဘာ ၂၁ ရက်က ရုရှနိုင်ငံတစ်ဝန်း ပေါ်ပေါက်ခဲ့ပြီး အဆိုပါ ဆန္ဒပြပွဲများအတွင်း လူပေါင်း ၁,၃၀၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက ပြောသည်။

ရုရှမြို့ကြီး ၃၈ မြို့မှ ကောက်နုတ်စုစည်းထားသည့် သတင်းအချက်အလက်များအရ ယမန်နေ့ ညနေခင်းတွင် လူပေါင်း ၁,၃၁၁ ဦးကျော် ထိန်းသိမ်းခံခဲ့ရကြောင်းကို လွတ်လပ်သော OVD-Info ဆန္ဒပြပွဲစောင့်ကြည့်လေ့လာမှုအဖွဲ့က ပြောသည်။

အဆိုပါ စာရင်းများထဲတွင် မော်စကို၌ ထိန်းသိမ်းခံရသူ ၅၀၂ ဦး၊ စိန့်ပီတာစဘာ့ဂ်၌ ထိန်းသိမ်းခံရသူ ၅၂၄ ဦးတို့လည်း ပါဝင်ကြောင်း ထိုအဖွဲ့က ပြောသည်။

ရုရှ၏ ဆန္ဒပြပွဲ တားဆီးရေး ဥပဒေများအောက်တွင် ခွင့်ပြုမိန့်မရဘဲ လူစုဝေးမှုများကို ဥပဒေနှင့် ဆန့်ကျင်သည်ဟု သတ်မှတ်သည်။

အသေးစား ဆန္ဒပြပွဲများ ပြုလုပ်ရန် ကြိုးပမ်းမှုများကို တာဝန်ရှိသူများက ဟန့်တားခဲ့ရကြောင်း ရုရှ ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးဖြစ်သည့် အိုင်ရီနာ ဗော့ခ်၏ ပြောကြားချက်ကို ကိုးကားပြီး ရုရှသတင်းအေဂျင်စီများက ဖော်ပြသည်။

“ဒေသအများအပြားမှာ ပါဝင်သူဦးရေ အနည်းငယ်နဲ့ ခွင့်ပြုချက်မရတဲ့ ဆန္ဒပြမှုတွေ လုပ်ဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့ပါတယ်” ဟု ဗော့ခ်က ပြောကြောင်း သတင်းများက ကိုးကားဖော်ပြသည်။

“ဒါတွေအားလုံးကို ဟန့်တားထားခဲ့ပါတယ်။ ဥပဒေ ချိုးဖောက်သူတွေကို ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုူတွေလုပ်ဖို့နဲ့ သူတို့ တာဝန်ခံရစေဖို့ ရဲစခန်းတွေကို ပို့ဆောင်ထားပါတယ်”

ရုရှသမ္မတ ပူတင်က တစ်စိတ်တစ်ဒေသ စစ်စည်းရုံးရေးအမိန့်ထုတ်ပြီး အရန်တပ်ဖွဲ့ဝင် ၃၀၀,၀၀၀ ကို စစ်မှုထမ်းရန် ဆင့်ခေါ်ခဲ့ပြီးနောက် ယမန်နေ့က ရုရှမှ ပြင်ပသို့ ထွက်မည့် အသွားခရီး လေယာဉ်ခရီးစဉ် လက်မှတ်များမှာ ဈေးနှုန်းထိုးတက်သွားသလို အလျင်အမြန် ရောင်းကုန်သွားခဲ့ကြောင်း သိရသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly