September 22
မဇ္ဈိမ ။ ။ Ooredoo Myanmar လုပ်ငန်းအား စင်္ကာပူအခြေစိုက် Nine Communication ထံ အပြီးသတ် ရောင်းချရန် နှစ်ဖက်သဘောတူပြီးဖြစ်ကြောင်း Ooredoo Myanmar ဘက်မှ ကြေညာထားသော်လည်း အဆိုပါကိစ္စအား ဗဟိုဘဏ်ထံ တရားဝင်တင်ပြထားခြင်း မရှိသေးကြောင်း စစ်ကောင်စီဘက်က ပြောသည်။
စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာလ၂၀ရက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
"အူရီဒူးနဲ့ ပတ်သက်ပြီး မြန်မာပိုင် စင်္ကာပူကုမ္ပဏီက ဒေါ်လာ ၅၆၇ သန်းနဲ့ ဝယ်ယူတဲ့ ကိစ္စကိုတော့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို တရားဝင် တင်ပြထားခြင်းတော့ မရှိသေးပါဘူး။ ပြည်ပက လာရောက်ရင်းနှီးမြှုပ်နှံတယ်ဆိုရင် ဒီအထဲကို ငွေသားတွေဝင်မှာ ဖြစ်ပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို အားပေးပါတယ်" ဟု ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။
Ooredoo Myanmar က အရောင်းအဝယ် အတွက် အမေရိကန်ဒေါ်လာ ၅၇၆ သန်းဖြင့် နှစ်ဖက်သဘောတူညီမှု လက်မှတ်ရေးထိုးနိုင်ခဲဲ့ကြောင်း စက်တင်ဘာ ၈ ရက်နေ့တွင် တရားဝင်ကြေညာခဲ့သည်။
ပြည်တွင်းတွင် Ooredoo Myanmar သုံးစွဲသူပေါင်း ၁၅ သန်းကျော်ရှိပြီး မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် နောက်ဆုံးကျန်ရှိသည့် နိုင်ငံခြားသားပိုင်လုပ်ငန်းတစ်ခုဖြစ်သည်။
ယခုနှစ် မတ်လဆန်းပိုင်းကလည်း
Telenor Myanmar က ရွှေဗျိုင်းဖြူကုမ္ပဏီမှ အစုရှယ်ယာ အများဆုံးပါဝင်သည့် Investcom Pte Ltd ထံသို့ အမေရိကန်ဒေါ်လာ ၁၀၅ သန်း ဖြင့် ရောင်းချခဲ့သည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး