တရုတ်ကျူးကျော်မှုပါက အမေရိကန်တပ်ဖွဲ့များက ထိုင်ဝမ်ကို ကာကွယ်မည်ဟု ဘိုင်ဒန် ပြော

တရုတ်ကျူးကျော်မှုပါက အမေရိကန်တပ်ဖွဲ့များက ထိုင်ဝမ်ကို ကာကွယ်မည်ဟု ဘိုင်ဒန် ပြော

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က တရုတ်က ကျူးကျော်လာလျှင်  အမေရိကန်တပ်ဖွဲ့များသည် ထိုင်ဝမ်ကို ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ ရှင်းလင်းလွန်းသည့် ၎င်း၏  ပြောကြားချက်က တရုတ်ကို အမျက် ဒေါသထွက်စေမည် ဖြစ်သည်။

စက်တင်ဘာ ၁၈ ရက်က CBS နှင့် မိနစ် ၆၀ ကြာ တွေ့ဆုံမေးမြန်းခန်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းကို တရုတ်ကျူးကျော်ခဲ့ပါက အမေရိကန်တပ်ဖွဲ့များက ကာကွယ်ပေးမည်လားဟူသော မေးမြန်းချက်နှင့်စပ်လျဉ်း၍ ဘိုင်ဒန်က “ တကယ်လို့ တိုက်ခိုက်မှုလုပ်လာပြီဆိုရင်တော့ ကာကွယ်သွားမှာပါ" ဟု ဖြေကြားခဲ့သည်။

ဘိုင်ဒန်သည် ထိုင်ဝမ်နှင့်ပတ်သက်၍ အမေရိကန်၏ မူဝါဒကို ယခင်ကပင် ပြောဆိုခဲ့သည်။   ယခုပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတွင် အမေရိကန်တပ်ဖွဲ့များက ထိုင်ဝမ်ကို ကာကွယ်မည့် ကတိကဝတ်နှင့်ပတ်သက်၍ ယခင်ကထက် ပိုမိုရှင်းလင်းပြတ်သားသော ပြောဆိုချက်ဖြစ်သည်။

အမေရိကန်သည် အဓိပ္ပါယ်နှစ်ခွထွက်သည့် ဗျူဟာမြောက်မူဝါဒကို ကာလရှည်ကြာ စွဲကိုင်လာကာ ထိုင်ဝမ်ကို တိုက်ခိုက်မှုနှင့်ပတ်သက်၍ စစ်ရေးအရတုံ့ပြန်မည်လားဆိုသည်ကို ယခင်က  ပြတ်ပြတ်သားသား မပြောဆိုခဲ့ပေ။ 

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူကလည်း ထိုင်ဝမ်အပေါ် အမေရိကန်၏ မူဝါဒမှာ ပြောင်းလဲခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

“ဒီနှစ်အစောပိုင်းတုန်းက သမ္မတက တိုကျိုမှာ အပါအဝင် ဒါကို အရင်က ပြောခဲ့ဖူးတယ်။ ကျွန်တော်တို့ရဲ့ ထိုင်ဝမ်ပေါ်လစီက မပြောင်းဘူးဆိုတာ သူက ပြတ်ပြတ်သားသားပြောခဲ့ပါတယ်။ အဲဒီ စကားအတိုင်းပါပဲ” ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ထိုင်ဝမ်ကိုကာကွယ်ရန် စစ်ရေးအရ ဝင်ပါဖို့ဆန္ဒရှိ မရှိ မေးမြန်းချက်နှင့်ပတ်သက်၍ ဘိုင်ဒန်က “ဆန္ဒရှိပါတယ်။ ကျွန်တော်တို့ ကတိပြုထားပါတယ်” ဟု မေလက ဖြေကြားခဲ့သည်။

ဘိုင်ဒန်နှင့် CBS တွေ့ဆုံမေးမြန်းခန်းကို သီတင်းပတ်ကုန်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဘိုင်ဒန်သည် စက်တင်ဘာ ၁၉ ရက်တွင် ဗြိတိန်ဘုရင်မကြီး၏ဈာပနအခမ်းအနားတက်ရောက်ရန် ဗြိတိန်တွင် ရောက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required