မန်တုံမြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေး ဆိုးရွားစွာ ပျက်စီးနေသောကြောင့် မီးသွေးတန်ဖိုး သိန်းရာချီ ဆုံးရှုံး

မန်တုံမြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေး ဆိုးရွားစွာ ပျက်စီးနေသောကြောင့် မီးသွေးတန်ဖိုး သိန်းရာချီ ဆုံးရှုံး

September 21

မဇ္ဈိမ ။ ။ တအာင်း(ပလောင်)ဒေသ၊ မန်တုံမြို့နယ်၊ ဆိုင်းလိန်ကျေးရွာအုပ်စုထဲမှ ကျေးရွာ သုံးရွာတွင် လမ်းပန်းဆက်သွယ်ရေး ဆိုးရွားစွာ ပျက်စီးနေသောကြောင့် မီးသွေးတင်ပို့ရောင်းချ၍မရဘဲ တန်ဖိုး သိန်းရာချီ ဆုံးရှုံးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါဒေသတွင် မီးသွေး အရောင်းအဝယ် လုပ်နေသူတစ်ဦးက “အရင်နှစ် ကျနော် ဝယ်ထားတဲ့ မီးသွေးတွေလည်း ငွေပမာဏ သိန်းနှစ်ရာနီးပါး ဆုံးရှုံးတယ်။ ခုတလော မီးသွေးစျေး အရမ်းတက်နေတယ်။ သွားရောင်းလို့လည်း မရဘူး။ ကားသွားလာလို့ မရတဲ့အတွက် ရောင်းချဖို့ အရမ်းခက်တယ်” ဟု ပြောပြသည်။

ဆိုင်းလိန်ကျေးရွာအုပ်စုအတွင်းရှိ မီးသွေးလုပ်သည့် ကျေးရွာများသည် ဆိုင်းလိန်-မိုင်းဝီးလမ်းမှတဆင့် နမ့်ခမ်းမြို့နယ်ဘက်သို့ မီးသွေးအရောင်းအဝယ် လုပ်နေကြကာ ဆိုင်းလိန်-မိုင်းဝီးကြားမှ လမ်းများသည် ဆိုးရွားစွာ ပျက်စီးနေသဖြင့် သွားလာရခက်ခဲနေကြောင်း သိရသည်။

မီးသွေးလုပ်ငန်း လုပ်ကိုင်သူ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးကလည်း “မီးသွေးတွေလည်း အများကြီးရှိတယ်။ ဝယ်မယ့်သူလည်း မရှိဘူး။ တောထဲမှာပဲ အဲ့အတိုင်း ပစ်ထားခဲ့တယ်။ မီးသွေးဝယ်မယ့်သူ မရှိတော့တဲ့နောက်ပိုင်း ငွေကြေးလည်း အဆင်မပြေဘူး။ စားသောက်ကုန်တွေလည်း စျေးတက် ပိုက်ဆံလည်း မရှိဘူး။ သူများဆီ မီးသွေးပြပြီး ပိုက်ဆံတောင်းတာတောင် သူများကမပေးဘူး” ဟု ပြောသည်။

မီးသွေး ဆုံးရှုံးနေရသည့်အပြင် ကုန်စျေးနှုန်းများ မြင့်တက်နေပြီး လွန်ခဲ့သည့် ၂ဝ၂၁ ခုနှစ် နှစ်ဆန်းပိုင်းက စားဆီ သုံးပိဿာတစ်ပုံးလျှင် ၉,၀၀၀ကျပ်သာရှိပြီး ယခု စက်တင်ဘာလအတွင်း ၄၀,၀၀၀ကျပ် ခန့် ရှိနေကြောင်းအသက် ၂၀အရွယ် အမျိုးသမီးတစ်ဦးက ဆို​သည်။

ယခုနှစ် နွေရာသီ၌ မီးသွေးစျေး တစ်အိတ်လျှင် ၂,၀၀၀ကျပ်သာရပြီး ယခုစက်တင်ဘာလအတွင်း တစ်အိတ်လျှင် ၅,၀၀၀ကျပ်အထိ စျေးတက်သွားသော်လည်း လမ်းဆိုးရွားစွာ ပျက်စီးနေသည့်အတွက် သွားရောင်း၍မရကြောင်း ဒေသခံများက ပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ရှမ်းပြည်နယ်

#မန်တုံမြို့နယ်

#မီးသွေးလုပ်ငန်း

#လမ်းပန်းဆက်သွယ်ရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly