September 21
မဇ္ဈိမ ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်တွင် ယမန်နေ့ စက်တင်ဘာလ ၂၀ရက်နေ့ ညနေပိုင်းအထိ စစ်ကောင်စီတပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
ယမန်နေ့ ညပိုင်းအထိ ပစ်ခတ်သံများကို ကြားနေရပြီး ည ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီဘက်မှလေယာဉ်ကိုလည်း ဝေဟင်တွင် တွေ့မြင်ခဲ့ကြရကြောင်း တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးမှ ဒေသခံတစ်ဦးကဆိုသည်။
"ဖြစ်တာက ဟိုအရင်တစ်ရက်က နေရာ။ ဝမ်အုံနားပဲထပ်ဖြစ်တာ။ ကျွန်တော်တို့နဲ့တော့ နဲနဲလှမ်းတာပေါ့။ ဒါပေမဲ့ လက်နက်ကြီးသံတွေက ကြားရတယ်။ ရှမ်းအဖွဲ့နဲ့ စကစ(စစ်ကောင်စီတပ်)နဲ့လို့ပြောတယ်။ ည၉နာရီလောက် လေယာဥ်နှစ်ခါလာတာတွေ့တယ်။ ပစ်လားမပစ်လားတော့ ပိုနီးတဲ့ရွာတွေကပဲသိမှာ" ဟုပြောသည်။
SSPP တပ်ဖွဲ့၏ သတင်းပြန်ကြားရေးဌာနကမူ SSPP တပ်စခန်းရှိရာကို စစ်ကောင်စီတပ်မှ တပ်သားအယောက် ၇၀ ခန့် စစ်ကြောင်းထိုးလာခြင်းကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း လက်ရှိတိုက်ပွဲဖြစ်ပွားနေသော နေရာ၌ပင် SSPP နှင့်စကစ(စစ်ကောင်စီတပ်)တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်သားအချို့သေဆုံးမှုရှိခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ - ပုံအဟောင်း
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#SSPP/SSA