ကလေးငယ် ၁၁ ဦး သေဆုံးခဲ့သည့် ဒီပဲယင်း စာသင်ကျောင်း တိုက်ခိုက်မှု ကုလအတွင်းရေးမှူးချုပ် အပြင်းအထန် ရှုတ်ချ

ကလေးငယ် ၁၁ ဦး သေဆုံးခဲ့သည့် ဒီပဲယင်း စာသင်ကျောင်း တိုက်ခိုက်မှု ကုလအတွင်းရေးမှူးချုပ် အပြင်းအထန် ရှုတ်ချ

September 21

မြန်မာနိုင်ငံမြောက်ပိုင်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းကို အာဏာသိမ်းစစ်တပ်က ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေး ၁၁ ဦး အပါအဝင် လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ရသည့်အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က စက်တင်ဘာ ၂၀ ရက်တွင် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်သည်။

အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်များနှင့်အတူ စစ်တပ်ရဟတ်ယာဉ်များက ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်တွင် လက်ယက်ကုန်းရွာ စာသင်ကျောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်တပ်က ထိုစာသင်ကျောင်းထဲတွင် ၎င်းတို့ကို ဆန့်ကျင်တိုက်ခိုက်နေသော အဖွဲ့များ ပုန်းအောင်းနေသည့်အတွက် အဆိုပါ အဖွဲ့များကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖေါ်ဝါရီလက စစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရတစ်ရပ်ကို ဖြုတ်ချ အာဏာသိမ်းပြီးနောက် နိုင်ငံသည် ဝရုန်းသုန်းကား အခြေအနေအောက် ကျရောက်နေသည်။ အာဏာသိမ်းစစ်တပ်သည် ၎င်းတို့ကို ဆန့်ကျင်သည့် အတိုက်အခံများအပေါ် အကြမ်းဖက် ဖိနှိပ်ဖြိုခွင်းထားခဲ့သလို လူသားထုအပေါ် ကျူးလွန်သည့် ပြစ်မှုများနှင့် စစ်ရာဇဝတ်မှုများလည်း ပိုမို ပြင်းထန်လာကြောင်း ယခုလအစောပိုင်းက လူ့အခွင့်အရေး ကောင်စီက ကြားသိထားခဲ့သည်။

လက်နက်စွဲကိုင် တော်လှန်သူများ အပါအဝင် နိုင်ငံတစ်ဝန်း အတိုက်အခံ လှုပ်ရှားမှုများက အာဏာသိမ်းစစ်တပ်အပေါ် ခုခံတော်လှန်မှုကို အရှိန်မြှင့်ထားခဲ့သလို စစ်တပ်ဘက်ကလည်း အင်အားတိုးမြှင့်အသုံးပြုကာ တုန့်ပြန်ထားခဲ့သည်။

စာသင်ကျောင်း တိုက်ခိုက်ခံရမှုကြောင့် သေဆုံးထိခိုက်သူများ၏ မိသားစုများနှင့် ထပ်တူ ဝမ်းနည်းကြွေကွဲရကြောင်း ကုလအတွင်းရေးမှူးချုပ်က ပြောခဲ့သည်ဟု ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်သည်။

“လက်နက်ကိုင် ပဋိပက္ခ ကာလတွေမှာ စာသင်ကျောင်းတွေဟာ ကလေးငယ်တွေ အကာအကွယ်ပေးခံထားရပြီး ပညာသင်ယူဖို့ ဘေးကင်းလုံခြုံတဲ့ နေရာတွေအဖြစ် ဆက်ရှိနေရပါလိမ့်မယ်။ လုံခြုံရေးကောင်စီက အပြင်းအထန် ပြစ်တင်ရှုတ်ချထားတဲ့ လက်နက်ကိုင် ပဋိပက္ခ ကာလတွေမှာ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို တိုက်ခိုက်တာကတော့ ကလေးတွေအပေါ် ကျူးလွန်တဲ့ ကြီးလေးဆိုးရွားတဲ့ အကြမ်းဖက်မှု ခြောက်ခုထဲက တစ်ခု ဖြစ်ပါတယ်”

နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေအောက်တွင် ပဋိပက္ခအတွင်း တိုက်ခိုက်သူများအနေဖြင့် ကလေးများ သို့မဟုတ် အရပ်ဘက် အရာပစ္စည်းများ အပါအဝင် အရပ်သားများအပေါ် တိုက်ခိုက်မှုများကို မပြုလုပ်ဘဲ ရှောင်ကြဉ်ရလိမ့်မည်ဖြစ်ကြောင်း မစ္စတာ ဂူတာရက်စ်က အခိုင်အမာ ပြောသည်။

“မြန်မာတွင် ကျူးလွန်ထားသည့် နိုင်ငံတကာ ပြစ်မှုအားလုံး၏ ကျူးလွန်သူလက်သည်တရားခံများအနေဖြင့် တာဝန်ခံသွားရလိမ့်မည် ဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ တူညီသော စာသင်ကျောင်းမှ ကလေး ၁၅ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်က စက်တင်ဘာ ၁၉ ရက်တွင် ပြောသည်။ “အဲဒီကလေးတွေကို ဘေးကင်းစွာ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ယူနီဆက်ဖ်ဘက်က တောင်းဆိုတယ်။ စာသင်ကျောင်းတွေဟာ ဘေးကင်းလုံခြုံမှု ရှိနေရပါလိမ့်မယ်။ ကလေးတွေကိုလည်း ဘယ်တော့မှ မတိုက်ခိုက်ရပါဘူး” ဟု ယူနီဆက်ဖ်က ပြောသွားခဲ့သည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly