ပါကစ္စတန်တွင် ရေလွှမ်းမိုးမှုများကြောင့် သေဆုံးသူဦးရေ ၁၅၀၀ နီးပါး ရှိလာ

ပါကစ္စတန်တွင် ရေလွှမ်းမိုးမှုများကြောင့် သေဆုံးသူဦးရေ ၁၅၀၀ နီးပါး ရှိလာ

ပါကစ္စတန်နိုင်ငံတွင် နိုင်ငံ၏ ကြီးမားသည့် ဧရိယာတစ်ကြောကို ရေဖုံးလွှမ်းစေခဲ့သည့် မကြုံစဖူးသော ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူဦးရေသည် ယခုအခါ ၁၅၀၀ နီးပါး ရှိလာခဲ့ပြီဟု စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်သည့် ဒေတာအချက်အလက်များက ပြသနေသည်။ ရေဘေးဒုက္ခဆိုး ဖြစ်ပေါ်ပြီးနောက် ပြည်သူ သိန်းချီသည် အမိုးအကာမဲ့ လေဟာပြင်အောက်တွင် အိပ်စက်နေရဆဲဖြစ်ကြောင်း အာဏာပိုင်တို့က ပြောသည်။
 
စံချိန်တင် မုတ်သုံမိုးကြီးမှုနှင့် မြောက်ပိုင်း တောင်တန်းများတွင် ရေခဲမြစ်များ အရည်ပျော်မှုတို့ကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးမှုများကြောင့် လူဦးရေ သန်းပေါင်း ၂၂၀ ရှိသည့် နိုင်ငံတွင် လူ ၃၃ သန်း ရေဘေးဒဏ် ခံခဲ့ရပြီး နေအိမ်များ၊ ကားများ၊ သီးနှံစိုက်ခင်းများနှင့် ခြံမွေးတိရစ္ဆာန်များ မျောပါခဲ့ကာ ထိခိုက်ဆုံးရှုံးမှုတန်ဖိုးက ဒေါ်လာ ၃၀ ဘီလီယံခန့် ရှိမည်ဟု ခန့်မှန်းထားသည်။
 
ရေကြီးမှုကြောင့် လက်ရှိအချိန်အထိ သေဆုံးသူဦးရေသည် ၁၄၈၆ ဦးဖြစ်ပြီး ၎င်းတို့အနက် ၅၃၀ ဦးသည် ကလေးများဖြစ်ကြောင်း အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့က ပြောသည်။ ထိုအဖွဲ့သည် စက်တင်ဘာ ၉ ရက်နောက်ပိုင်း ပထမဆုံး နိုင်ငံတစ်ဝန်း ရေကြီးမှုကြောင့် ထိခိုက်သေဆုံးသူစာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တောင်ပိုင်း ဆင်းဒ်ပြည်နယ်တွင် လူပေါင်းသိန်းချီသည် ရေကြီးမှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး အများအပြားသည် ရေကြီးမှုမှ ကာကွယ်ရန် ကုန်းမြင့် အဝေးပြေးလမ်းမများ၏ နံဘေးတွင် အိပ်စက်နေကြရသည်။

“ပါကစ္စတန်မှာ ရနိုင်တဲ့ ထုတ်လုပ်သူ အားလုံးဆီကနေ မိုးကာဖျင်တဲတွေ ကျွန်တော်တို့ ဝယ်နေပါတယ်” ဟု ဆင်းဒ်ပြည်နယ်ဝန်ကြီးချုပ် ဆိုင်ယက်ဒ် မူရတ် အလီ ရှားက စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ပြောဆိုသည်။

ဆင်းဒ်ပြည်နယ်ရှိ အိုးမဲ့အိမ်မဲ့ဖြစ်သူ သုံးပုံတစ်ပုံခန့်သည် လက်ရှိအချိန်အထိ ၎င်းတို့ကိုယ်ကိုယ် ကာကွယ်ရန် မိုးကာတဲတစ်ခုတစ်လေတောင် မရှိသေးဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း ဓာတ်အားပေးစက်ရုံများနှင့် အိမ်များကဲ့သို့ အရေးပါသော အဆောက်အအုံများထံ ရေမရောက်စေရန် အာဏာပိုင်များက အရံအတားများ တည်ဆောက်ခဲ့ရသည်။ ထို့ပြင် ကျွဲနွားများကို ကြိုးစားကယ်တင်ရန် လုပ်ဆောင်နေကြသည့် တောင်သူများအနေဖြင့်လည်း လက်ရှိအချိန်တွင် ကျွဲနွားစာများ စတင်ပြတ်လပ်လာသည့်အတွက် ခြိမ်းခြောက်မှုသစ်နှင့် ရင်ဆိုင်နေရသည်။

စံချိန်တင် နွေရာသီ အပူချိန်များအလွန် ရေကြီးမှုများ ပေါ်ပေါက်ခြင်းအတွက် ရာသီဥတု ပြောင်းလဲမှုအပေါ် ပါကစ္စတန်အစိုးရနှင့် ကုလသမဂ္ဂတို့က ပြစ်တင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly