တိဗက်တွင် တရုတ်က ဒီအင်န်အေ နမူနာများကောက်ယူသည့်အပေါ် အဝေးရောက်တိဗက်များ ဆန့်ကျင်ဆန္ဒပြ

By Tibet Rights Collective
17 September 2022
တိဗက်တွင် တရုတ်က ဒီအင်န်အေ နမူနာများကောက်ယူသည့်အပေါ် အဝေးရောက်တိဗက်များ ဆန့်ကျင်ဆန္ဒပြ

တိဗက်မှ ကလေးများ၏ ဒီအင်န်အေနမူနာများကို အတင်းအကျပ် ကောက်ယူသည့် တရုတ်အာဏာပိုင်များကို အိန္ဒိယနိုင်ငံ ဟီမာချယ်ပြည်နယ်၌ ဆန့်ကျင်သော ဆန္ဒပြပွဲများ ပြုလုပ်လျက်ရှိသည်။

ဒါရမ်ရှာလမ်မြို့ရှိ အင်န်ဂျီအိုများ၊ နိုင်ငံရေးပါတီများနှင့် ကျောင်းသား အဖွဲ့အစည်းအများအပြားသည် တိဗက်ကို တရားမဝင် သိမ်းပိုက်မှုများနှင့် တရုတ်နိုင်ငံ၏ ဖိနှိပ်မှုမူဝါဒများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ရပ်ကို စီစဉ် ခဲ့သည်။

အင်ဒို-တိဗက် ညှိနှိုင်းရေးအသင်းသည် ဒီအင်န်အေစုဆောင်းသည့် ကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတကာ လူ့အခွင့်အရေး ကော်မရှင်ထံ စာရေးသားပေးပို့တိုင်ကြားရန် ဆုံးဖြတ်ခဲ့သည်။ ဒေသဆိုင်ရာဥက္ကဌ ဘီအာ ကောင်ဒယ်နှင့် ပြည်နယ် ဒုဥက္ကဌ တန်ဇင်းတို့က ထိုဖြစ်ရပ်များသည် ဝမ်းနည်းကြေကွဲဖွယ်ကောင်းကြောင်း ပြောခဲ့ကြသည်။

လာဆာမြူနီစီပယ်သည် ၂၀၂၂ ခုနှစ် ဧပြီလက ဒေသခံများနှင့် မူကြိုကလေးများဆီမှ ဒီအင်န်အေ သွေးနမူနာများကို အလှည့်ကျကောက်ခံခဲ့ကြသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဒေသခံများသည် ဒီအင်န်အေနမူနာများကို မဖြစ်မနေ ပေးကြရသည်။
 
ဒေသတွင်းမှ အသက် ၅ နှစ်နှင့် ၁၇ နှစ်အကြားရှိ ယောက်ျားလေးအားလုံးသည် ဒီအင်န်အေနမူနာများ အယူခံရကြောင်း ၂၀၂၀ ခုနှစ် ဒီဇင်ဘာက ထုတ်ပြန်ခဲ့သည့် ချင်းဟိုင်ပြည်နယ်ရှိ တိဗက်မြူနီစီပယ် အစီရင်ခံစာ၌ဖော်ပြထားသည်။

တိဗက်ကုန်းပြင်မြင့်အနောက်ပိုင်းရှိ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု သို့မဟုတ် မြူနီစီပယ် ၇ ခုစလုံးသည် ဒီအင်န်အေကောက်ယူခံရမှုတွင် ပါဝင်ခဲ့ကြသည်။

၂၀၂၀ ခုနှစ်တွင် သြစတြေးလျ မဟာဗျူဟာ ဌာနမှလည်း တရုတ်နိုင်ငံ၏ တရားမဝင် လှုပ်ရှားမှုများအကြောင်း စာတမ်းတစ်စောင် ထုတ်ပြန်ခဲ့သည်။ 

တရုတ်နိုင်ငံသည် သွေးနမူနာရယူရန် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုများကို ၂၀၁၃ ခုနှစ်ကတည်းက အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly