ပုသိမ်-မော်တင်ကားလမ်းဘေး ကျေးရွာများတွင် စစ်ကောင်စီတပ်များ စ​စ်ကြောင်းထိုး ရှာဖွေနေ

ပုသိမ်-မော်တင်ကားလမ်းဘေး ကျေးရွာများတွင် စစ်ကောင်စီတပ်များ စ​စ်ကြောင်းထိုး ရှာဖွေနေ

မဇ္စျိမ။ ။ ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ပုသိမ်-မော်တင်ကားလမ်းဘေး ကျေးရွာများတွင် စက်တင်ဘာလ ဒုတိယပတ်မှ စတင်ကာ ယခုအချိန်ထိ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးရှာဖွေနေကြကြောင်း ဒေသခံများထံကသိရသည်။

"PDF တွေရှိတယ်ဆိုပြီး စစ်ကြောင်းထိုးပြီး တောနင်းနေတာ ငါးရက်၊ ခြောက်ရက်လောက်ရှိပြီ။ ရွာတွေထဲကိုလည်း ဝင်မွှေနေတယ်။ ဒလန်တွေ သတင်းပေးလို့ တောနင်းတာလို့ ကြားတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။

ထိုသို့ စစ်ကြောင်းထိုးရှာဖွေရာတွင် စစ်ကောင်စီတပ်များက ကျေးရွာအတွင်းနေအိမ်များအား လိုအပ်သည်ထက်ပိုသည့် ဆန်များသိုလှောင်ထား ပါက အရေးယူအပြစ်ပေးမည်ဟု ခြိမ်းခြောက်မှုများလည်း ရှိနေကြောင်း ဒေသခံက ဆိုသည်။

၎င်းအပြင် မော်တင်ကားလမ်းဘေးတောအုပ်များအတွင်း သစ်ခုတ်၊ ဝါးခုတ်၊ မီးသွေးဖုတ်ကာ လုပ်ကိုင်စားသောက်နေသည့် ဒေသခံတချို့ကို PDF များနှင့် ပတ်သက်မှုရှိသည်ဟု စွပ်စွဲကာ ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံက ဆက်လက်ပြောသည်။

"ရွာတွေထဲက အိမ်တွေမှာ PDF တွေက ဆန်လာလာတောင်းနေတာ သူတို့သိတယ်ဆိုပြီး အိမ်တစ်အိမ်မှာ ဆန် ခုနစ်ပြည်ထက်ပိုပြီး မထားရဘူးလို့ စစ်သားတွေကပြောသွားတယ်။ ရွာသားတချို့ကိုလည်း ဖမ်းခေါ်သွားတာမျိုးမလုပ်ဘဲ၊ PDF အကြောင်းတွေမေးပြီး ဒီအတိုင်းခေါ်နှိပ်စက်နေကြတယ်"ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များက မော်တင်ကားလမ်းဘေး တောအုပ်များတွင် တောနင်းရှာဖွေမှုများ ဆက်လက်ပြုလုပ်နေသည်ဟုသိရပြီး မတရားဖမ်းဆီးနှိပ်စက်မှုများ ထပ်မံပြုလုပ်လာမည်ကို ရွာသားများ စိုးရိမ်နေကြသည်ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ပုသိမ်ခရိုင်အတွင်းလှုပ်ရှားနေသည့် PDF တပ်ဖွဲ့ဝင်တစ်ဦးအား ဆက်သွယ်မေးမြန်းရာ မော်တင်ကားလမ်းဘေး တောအုပ်များအတွင်း PDF များရှိ၊ မရှိကို အတည်ပြု၍ မရကြောင်း မဇ္စျိမကို ပြောသည်။

ဧရာဝတီတိုင်း ကြံခင်းမြို့နယ် အနောက်ဘက် ခရိုင်ရိုးမအစပ်တောများ၊ ချောင်းသာ-ပုသိမ်ကားလမ်းဘေးရှိ တောအုပ်များ၊ ဟင်္သာတမြို့နယ် အတွင်းရှိ တောအုပ်များနှင့် ပုသိမ်-မော်တင်ကားလမ်းဘေးရှိတောများတွင် မကြာခဏဆိုသလို စစ်ကောင်စီတပ်များ တောနင်းရှာဖွေနေကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required