မြောက်ဦးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ညအချိန် စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်

မြောက်ဦးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ညအချိန် စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်သားများက ည ၁၁ နာရီအချိန်ခန့်တွင် လူနေရပ်ကွက်များကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြောက်ဦးမြို့ လောကမူရပ်ကွက် ၊ ပြင်စျေးရပ်လမ်းခွဆုံတွင် ကားလေးစီးရပ်ပြီး ညအချိန် လူနေရပ်ကွက်ကို လက်နက်ကြီးပစ်ခတ်ခြင်းဖြစ်ကြောင်း မြောက်ဦးမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

“ည ၁၁နာရီကျော်လောက်ရှိမှာ လက်နက်ကြီး ပစ်သံတစ်ကြိမ် ကြားရတယ်။ နောက်ပြီး ခဏနားပြီးတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေ ဆက်တိုက်ပစ်သွားတယ်။ စက်သေနတ်ပုံစံမျိုး ပစ်သွားတယ်။ အနီးအနားက လူတွေ ပြောတာက သူတို့စစ်ဆင်းရေးအတုတစ်ခု ဖန်းတီးတဲ့ပုံစံမျိုး လုပ်သွားတယ်လို့ ပြောတယ်။ ကားလေးစီးနဲ့ လာပစ်တယ်လို့ သိရတယ် ” ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ ယမ်းသန်းပစ်ခတ်ခဲ့ခြင်းကြောင့် လူအထိအခိုက်မရှိသော်လည်း လူနေအိမ်များကို လက်နက်ကြီးကျည်စများ ကျရောက်ခဲ့ပြီး ပြည်သူများကိုလည်း ဆဲဆိုသွားခဲ့ကြောင်း ဆိုသည်။

“ ည ၂ နာရီကျော်လောက်မှ ပစ်တာရပ်သွားတယ်။ တစ်ယောက်မှလည်း ထွက်မကြည့်ရဲဘူး၊ လက်နက်ကြီးက လူတွေကို ထိခိုက်သွားတာတော့မရှိဘူး၊ နေအိမ်အနီးနားတွေမှာ ကျတာတော့ရှိတယ်၊ သူတို့က နံနက် ၃နာရီကျော်လောက်အထိ အဲဒီနားမှာ နေသွားတယ်။ နောက်ပြီး 'မင်းတို့ ကောင်တွေ သတိထားနေ၊ - - မသားတွေ၊' ဆိုပြီး ဆဲသွားတယ်”ဟု ဆိုသည်။

စစ်ကောင်စီအနေဖြင့် မြောက်ဦးမြို့တွင် ခမရ ( ၅၄၀) (၃၇၇) (၃၇၈) စသည့် တပ် သုံးတပ် ချထားပြီး နေ့အချိန်များတွင် အင်အား ၂၀၀ ဝန်းကျင်ခန့် ချထားကာ လမ်းသွားလမ်းလာ ပြည်သူများအား စစ်ဆေးနေခြင်းဖြစ်သည်ဟု သိရသည်။

ယင်းကဲ့သို့ အင်အားအလုံးအရင်းချပြီး ပြည်သူများအား စစ်ဆေးမှုများပြုလုပ်နေခြင်းမှာ လူထုကို ကြောက်လန့်မှုဖြစ်အောင် လုပ်ဆောင်နေသည်ဟု မြောက်ဦးမြို့ပေါ်နေ လူငယ်တစ်ဦးကပြောသည်။

“မြောက်ဦးမှာ သူတို့က ပုံမှန်အားဖြင့် နေ့ဖက်တွေမှာ အင်အား ၂၀၀ လောက်ကို ချထားတာတွေ့ရတယ်။ သူတို့မသင်္ကာတဲ့ ဆိုင်ကယ်တွေကို စစ်တယ်။ သူတို့ အစိုးရလူတွေဆိုရင် မစစ်ဘူး၊ အစိုးရဖက်က လူတွေကို ကတ်ပေးထားတယ်လို့ သိရတယ်။ ဆိုတော့ ဝန်ထမ်းတွေကိုကျ လွှတ်ပေးတယ်။ ပြည်သူတွေကိုကျ သူတို့စစ်ဆေးတယ်။ တချို့ ဆိုင်ကယ်တွေကိုဆိုရင် သူတို့သိမ်းထားလိုက်တာလည်းရှိတယ်။ ဒါကတွေက ပြည်သူတွေကို ကြောက်လန့်အောင်လုပ်နေတာဖြစ်တယ် ” ဟု ဆိုသည်။

မြောက်ဦးတွင် စက်တင်ဘာလ ၅ ရက်နေ့ကလည်း မြောက်ဦးမြို့မစျေးတွင် မိုင်းရှိသည်ဟုဆိုကာ စျေးဆိုင်ခန်းများကို ပိတ်ခိုင်းပြီး မိုင်းရှာခြင်းကို စစ်ကောင်စီတပ်သားများက လုပ်ဆောင်ခဲ့သေးသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်သားများအနေဖြင့် မြောက်ဦးတွင် အသွားအလာများကို စစ်ဆေးမှုများတင်းကျပ်စွာ လုပ်ဆောင်နေသည့်အတွက် မြောက်ဦးစျေးသို့ နယ်ဖက်ကဝယ်ယူသူ လုံးဝမရှိဘဲ မြို့ပေါ်နေလူများမှာလည်း အရေးပေါ် လိုအပ်ချက်မှလွဲပြီး စျေးဝယ်ယူခြင်းမရှိတော့ကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required