ဒွန်နက်စ်ဒေသ၌ ယူကရိန်း၏ တိုက်ခိုက်မှုအတွင်း လူ ၁၃ ဦး သေဆုံး 

ဒွန်နက်စ်ဒေသ၌ ယူကရိန်း၏ တိုက်ခိုက်မှုအတွင်း လူ ၁၃ ဦး သေဆုံး 
Photo - EPA

September 20

ယူကရိန်း အရှေ့ပိုင်း ရုရှထိန်းချုပ်ရာ ဒွန်နက်စ်မြို့ကို ယူကရိန်းတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုအတွင်း လူဒါဇင်ကျော် သေဆုံးကြောင်း ရုရှကျောထောက်နောက်ခံသည့် မြို့အာဏာပိုင်များက တနင်္လာနေ့တွင် ပြောသည်။ 

“ကနဦး သတင်းတွေအရတော့ ဒွန်နက်စ်ဒေသရဲ့ ကူအီဘိုင်ရှီဗက်စကီးခရိုင်မှာ ပြင်းထန်တဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၃ ဦး သေဆုံးပါတယ်၊ ထိခိုက်ဒဏ်ရာရတဲ့ အရေအတွက်ကို စစ်ဆေးနေဆဲ ဖြစ်တယ်”ဟု ရုရှကျောထောက်နောက်ခံသည့် မြို့တော်ဝန်က လူမှုမီဒီယာမှတစ်ဆင့် ထုတ်ပြန်ကြောင်း ရုရှသတင်းအေဂျင်စီများက ဖော်ပြသည်။ 

စစ်မဖြစ်ခင်က လူဦးရေ တစ်သန်းနီးပါး ရှိခဲ့ရာ ဒွန်နက်စ်ဒေသည် ၂၀၁၄ ခုနှစ်ကစပြီး ရုရှထောက်ခံသော ခွဲထွက်ရေးသမားများက ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။ 

ယူကရိန်း၏ ရုရှနှင့် မိတ်ဘက်ပြုသည့် ခေါင်းဆောင်အား လမ်းပေါ်ဆန္ဒပြမှုများဖြင့် ဖြုတ်ချပြီးနောက် သိမ်းပိုက်ထားခြင်းပဲ ဖြစ်သည်။ 

ဒွန်နက်စ်ဒေသကို ယူကရိန်းက ထိုးစစ်ဆင်ခြင်းနှင့် သေဆုံးသူ အရေအတွက် ပြောဆိုချက်များကို လွတ်လပ်စွာ အတည်မပြုနိုင်ပေ။ 

တစ်ချိန်တည်းမှာပင် ရှေ့တန်းဒေသအချို့၌ ယူကရိန်း တပ်များကို ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်သား သေဆုံးခြင်းများနှင့် စစ်လက်နက်ပစ္စည်းများကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှစစ်တပ်က ပြောသည်။ 

ယူကရိန်း တောင်ပိုင်းရှိ ဇာပိုရေးရှားမြို့က ယူကရိန်း စစ်စခန်းများကို “ပစ်မှတ်တိကျ” တိုက်ခိုက်မှုများဖြင့် အမေရိကန်ထောက်ပံ့ထားသော စစ်လက်နက်ပစ္စည်းများကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ရုရှစစ်တပ်က ဆိုသည်။ 

ရုရှတို့၏ တိုက်ခိုက်မှုများအတွင်း လူ ၁၀ ဦး သေဆုံးရကာ ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ယူကရိန်းသမ္မတရုံးက ထုတ်ပြန်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly