အချက်အလက် မမှန်သည့် SIM Cardများကို အပြီးပိတ်သိမ်းပြီး လက်ကျန်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းမည်ဟု စစ်ကောင်စီ ထုတ်ပြန်

အချက်အလက် မမှန်သည့် SIM Cardများကို အပြီးပိတ်သိမ်းပြီး လက်ကျန်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းမည်ဟု စစ်ကောင်စီ ထုတ်ပြန်

September 20

မဇ္စျိမ။ ။အချက်အလက်များ မှန်ကန်စွာ ဖြည့်စွက်ထားခြင်းမရှိသည့် SIM Cardများကို အပြီးပိတ်သိမ်းမည်ဖြစ်ပြီး လက်ကျန်ငွေများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ယနေ့ စက်တင်ဘာ ၁၉ရက်နေ့တွင် ထုတ်ပြန်သည်။

SIM Card မှတ်ပုံတင်ပြုလုပ်ရာတွင် ဖြည့်စွက်ထားသည့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တို့ကို စစ်ကောင်စီ၏ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Databaseအချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးသွားမည်ဟုလည်း ဆိုထားသည်။

ဆက်သွယ်ရေးအော်ပရေတာများနှင့် SIM Cardရောင်းချသူများအနေဖြင့်လည်း SIM Cardရောင်းချရာတွင်လည်းကောင်း၊ အချက်အလက်များ မှန်ကန်စွာ ပြန်လည်ပြင်ဆင် မှတ်ပုံတင်ရာတွင်လည်းကောင်း ညွှန်ကြားချက်များနှင့်အညီ စနစ်တကျဆောင်ရွက်သွားရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် SIM Cardများ ဝယ်ယူအသုံးပြုရာတွင် အချက်အလက်များကို မှန်ကန်စွာဖြည့်စွက်ပြီး မှတ်ပုံတင်ဝယ်ယူသုံးစွဲကြရန်နှင့် လက်ရှိအသုံးပြုလျက်ရှိသော SIM Cardများကို အချက်အလက် မှန်ကန်စွာ မှတ်ပုံတင်ထားခြင်း မရှိပါက SIM Cardများ ပိတ်သိမ်းခံရမှု မရှိစေရေး အချိန်မီ ပြန်လည်ပြင်ဆင်မှတ်ပုံတင်ရန် စစ်​ကောင်စီလက်​အောက်ခံ ဆက်သွယ်​ရေးညွှန်ကြားမှုဦးစီးဌာနက တိုက်တွန်းထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#SIMCardများ

#အချက်အလက်များ

#မှတ်ပုံတင်

#ဆက်သွယ်​ရေးညွှန်ကြားမှုဦးစီးဌာန

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly