မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က ဒေသခံ ဦးရေ ၁၀၀ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား၊ တိုက်ပွဲအတွင်း PDFပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင် ၂ဦးကျဆုံး

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က ဒေသခံ ဦးရေ ၁၀၀ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား၊ တိုက်ပွဲအတွင်း PDFပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင် ၂ဦးကျဆုံး

September 20

မဇ္စျိမ။ ။ရှမ်း-ကယားနယ်စပ် ၊မိုးဗြဲမြို့ပေါ်တွင် စစ်ကောင်စီတပ်က ဒေသခံ ဦးရေ ၁၀၀ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပြီး တိုက်ပွဲအတွင်း PDFပူးပေါင်းအဖွဲ့ဘက်မှ တပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးခဲ့ကြောင်း မိုးဗြဲ - PDF က ယမန်နေ့ စတင်ဘာလ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ နံနက် ၁ နာရီအချိန်တွင် မိုးဗြဲမြို့ပေါ်သို့ တာဝေးပစ်လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ပြီး နံနက် ၂ နာရီအချိန်တွင် စစ်ကြောင်း နှစ်ကြောင်းဖြင့် မိုးဗြဲမြို့ထဲသို့ ဝင်ရောက်လာကာ ကရင်နီပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း တာဝေးပစ်လက်နက်ကြီးများ၊ တင့်ကားများဖြင့် ပစ်ခတ်မှုများကြောင့် မိုးဗြဲ - PDF BO2 မှ ရဲဘော် ယုဒနှင့် မိုးဗြဲ_PDF BO1 မှ ရဲဘော်တို့ ကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများမှ စက်တော်ရာဘုန်းကြီးကျောင်းနှင့် မွေတော်ဘုန်းကြီးကျောင်းတို့တွင် ယမန့်နေ့ညပိုင်းအထိ ပြည်သူ ၁၀၀ခန့်ကို ဖမ်းဆီးထားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

"တချို့ ဘုန်းကြီးကျောင်းတွေမှာ ဆက်ခိုလှုံနေတဲ့ ပြည်သူတွေကို စကစ(စစ်ကောင်စီတပ်)တွေက ဖမ်းထားပြီး လူသားဒိုင်းကာသဘောမျိုး လုပ်တာပေါ့။ အခုက စကစ(စစ်ကောင်စီတပ်သား)တွေက အချက်အချာကျတဲ့ နေရာတွေမှာ တပ်စွဲထားပြီး မြို့တွင်းမှာကျန်တဲ့ ပြည်သူတွေကို ဘယ်မှမသွားခိုင်းဘဲ ထိန်းထားတာ။ ကာကွယ်ရေးအဖွဲ့တွေက ရှောင်ဖို့ပြောပေမယ့် ရှောင်ဖို့မလွယ်တဲ့သူတွေနဲ့ ဘာမှမဖြစ်ပါဘူး ဆိုတဲ့သူတွေကတော့ အခုဒုက္ခနဲ့ ကြုံနေရပြီ " ဟု မိုးဗြဲဒေသခံ တစ်ဦးက မဇ္ဈိမကို ပြောသည်။

မိုးဗြဲမြို့ပေါ်သို့ ထပ်မံတပ်စွဲလာသည့် စစ်ကောင်စီတပ်ကို မဟာမိတ်တပ်ပေါင်းစုများဖြစ်ကြသော မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (1107)တပ်ရင်း၊ ဒီးမော့ဆို PDF၊ နေပြည်တော် PDF၊ KNDF၊ KA၊ KGZ၊ URF အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း ဆိုသည်။

မိုးဗြဲမြို့ပေါ်တွင် စစ်ကောင်စီတပ်များနှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်များအကြား စစ်ရေးအခြေအနေ ဆက်လက်တင်းမာလျက်ရှိနေသဖြင့် ပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသောနေရာတွင် နေထိုင်ပေးကြပါရန်နှင့် မိုးဗြဲလမ်းကို အသုံးမပြုကြသေးရန် မိုးဗြဲ PDF က အသိပေးထုတ်ပြန်ထားသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#မိုးဗြဲမြို့

#စစ်ကောင်စီတပ်

#လူသားဒိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly