မိုးဗြဲမြို့ပေါ် သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ် ဝင်ရောက်တပ်စွဲပြီး စစ်ရေးတင်းမာနေ

မိုးဗြဲမြို့ပေါ် သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ် ဝင်ရောက်တပ်စွဲပြီး စစ်ရေးတင်းမာနေ

စက်တင်ဘာ ၁၉

မဇ္ဈိမ။ ။ ရှမ်းနှင့် ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ပစ်ခတ်ကာ ဝင်ရောက်တပ်စွဲထားပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာနေကြောင်း PDF တပ်ဖွဲ့ဝင်နှင့် ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်၏ ဖယ်ခုံအမြောက်တပ်၊ လွိုင်ကော်အမြောက်တပ်နှင့် မိုးဗြဲမြို့ပေါ်ရှိ (၄၂၂)တပ်ရင်းတို့မှ မိုးဗြဲမြို့အစွန်နေရာများသို့ ယနေ့ စက်တင်ဘာလ ၁၉ ရက် မနက် ၉ နာရီတွင် လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ပေးကာ မိုးဗြဲမြို့ပေါ်ရှိ မွေတော်ဘုရားနှင့် ပွဲကုန်း (၃) ရပ်ကွက်ရှိ ကတ်သလစ်ဘုရားကျောင်းဝင်းများတွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်တပ်စွဲလာခြင်း ဖြစ်သည်ဟု ဆိုသည်။

" ဒီနေ့ တစ်ရက်ထဲ ဖယ်ခုံကနေ မိုးဗြဲကို လက်နက်ကြီး ၁၀ လုံးကျော် ထုလာပါပြီ၊ ထိတွေ့မှုကတော့ နည်းသေးတယ်၊ စစ်ရေးတင်းမာနေတဲ့အခြေအနေပါ" ဟု PDF တပ်ဖွဲ့ဝင် တစ်ဦးက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်များအနေဖြင့် မိုးဗြဲမြို့ပေါ်သို့ တပ်စွဲလာသည့်အတွက် ကရင်နီပူးပေါင်းတပ်များမှ အချိန်ယူပြင်ဆင်မှုများ ပြုလုပ်ကာ ခုခံတိုက်ပွဲများ ဖြစ်လာနိုင်သည်ဟု ဆိုသည်။

" မနေ့ညကတည်းက လက်နက်ကြီးတွေ ပစ်ပြီး စကစတွေက နေရာဝင်ယူလာတာ အတွဲလိုက်ပစ်တာကို ကြားနေရတယ်၊ တော်တော်လေးကို စစ်ကောင်စီက လက်နက်တွေ ထုတ်သုံးနေတဲ့ အခြေအနေဖြစ်နေတယ်၊ အခုက အချက်အချာကျတဲ့ နေရာတွေမှာ နေရာဝင်ယူထားတာ" ဟု မိုးဗြဲဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် မိုးဗြဲမြို့ပေါ်မှ ပြည်သူအများစုမှာ ဘေးလွတ်ရာသို့ ရှောင်ပြေးနေကြရပြီး ဒေသခံတစ်ချို့မှာ မြို့အတွင်း ပိတ်မိနေသည်ဟု သိရသည်။

စက်တင်ဘာလ ၈ရက်မှ ၁၂ ရက်အထိ ငါးရက်တိုင်တိုင် မိုးဗြဲမြို့ပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်များအထိနာ၍ တပ်ဆုတ်သွားခဲ့ရသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈၀ဦးခန့်သေဆုံးပြီး လက်နက်ခဲယမ်းအမြောက်အမြားကို ပူးပေါင်းအဖွဲ့များမှ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

မိုးဗြဲမြို့ပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KNDF B/ 03 ၊ B/11 ၊ ကရင်နီတပ်မတော် (KA) ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ ကရင်နီတော်လှန်ရေး တပ်ပေါင်းစု (KRU) နှင့် URF တို့ ပူးပေါင်း၍ ခုခံတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#မိုးဗြဲမြို့

#ကရင်နီတပ်မတော်

#စစ်ကောင်စီ

#ကတ်သလစ်ဘုရားကျောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly