လှိုင်သာယာမြို့နယ်ရှိ စက်ရုံတွင် အလုပ်သမားအချို့ ဒူးထောက်လမ်းလျှောက်ရသည့် ဥပဒေမဲ့အပြစ်ပေးမှု ခံနေရဟုဆို

လှိုင်သာယာမြို့နယ်ရှိ စက်ရုံတွင် အလုပ်သမားအချို့ ဒူးထောက်လမ်းလျှောက်ရသည့် ဥပဒေမဲ့အပြစ်ပေးမှု ခံနေရဟုဆို

စက်တင်ဘာလ ၁၈ ရက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် သတ်မှတ်အထည်အရေအတွက် မပြည့်သည့် စက်ရုံလုပ်သားအချို့ကို ဒူးထောက်လမ်းလျှောက်ခိုင်းကာ ဥပဒေမဲ့အပြစ်ပေးမှုများရှိနေကြောင်း အမည်မဖော်လိုသူ သတင်းအရင်းအမြစ်တစ်ဦးက ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် မဇ္စျိမကို ပြောသည်။

ယင်းဖြစ်စဥ်သည် နိုင်ငံတကာအမှတ်တံဆိပ်တစ်ခုဖြစ်သော H&M အမှတ်တံဆိပ်အထည်များအား အဓိကထားချုပ်လုပ်နေသည့် Saung Oo Shwe Nay အထည်ချုပ်စက်ရုံတွင် စက်တင်ဘာ၁၂ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတ်မှတ်အထည်အရေအတွက် ၃၀၀ မပြည့်သဖြင့် ဒူးထောက်လမ်းလျှောက်ခိုင်းမှုကို Cutting QC Super ဖြစ်သူက လုပ်သားခြောက်ဦးကိုပြုလုပ်ခိုင်းခဲ့ခြင်းဖြစ်ပြီး ယင်းအနက် လေးဦးမှာ ဒူးထောက်လမ်းလျှောက်ခဲ့ကာ နှစ်ဦးမှာသတိပေးခံဝန် လက်မှတ်ရေးထိုးခဲ့ရသည်ဟု ဆိုသည်။

ယင်းအပေါ်စက်ရုံ HR တာဝန်ရှိသူများက လုပ်သမားများအပေါ် ထိုသို့ပြုလုပ်၍မရကြောင်း သက်ဆိုင်ရာ Line Leader များကို ခေါ်ယူသတိပေးပြောဆိုသဖြင့် လက်ရှိတွင်အလုပ်သမားများကို အော်ဟစ်ကြိမ်းမောင်းဆဲဆိုခြင်းများ ရပ်တန့်သွားကြောင်းဆိုသည်။

" ဒူးထောက်ပြီး လမ်းလျှောက်ရတဲ့ကလေးက လေးယောက်ပေါ့။ ဝမ်တိန်ထိုးရမယ်ဆိုပြီးခေါ်သွားတာကတော့နှစ်ယောက် ၊ အားလုံးခြောက်ယောက်ပါ။ ဖြစ်တာက အထည်စံချိန်ကိုသတ်မှတ်ပြီးခိုင်းတာကစဖြစ်တာ။ သူ့စံချိန်နဲ့သူပဲ ထွက်မှာလေ။ အထည်တစ်ရာထွက်နိုင်တဲ့ သူကိုတစ်ရာပဲ တောင်းရမှာလေ။ တစ်ရာပဲ ထွက်နိုင်တဲ့သူကို နှစ်ရာတောင်းရင်တော့ လုံးဝမဖြစ်နိုင်ဘူးလေ။ အထည်စစ်တဲ့အခါမှာ တစ်နာရီကို အထည်သုံးရာနှုန်း စစ်ခိုင်းတယ်ဆိုပေမယ့် အချိန်တိုင်းတော့ ဘယ်ရမလဲ။ တစ်နာရီအတွင်း ရေသောက်တာ အပေါ့သွားတာမျိုးတော့ရှိတာပေါ့။ မရတဲ့အခါမှာ အလုပ်သမားခေါင်းဆောင်ပိုင်းတွေကဆူတယ်၊ ဆဲတယ်၊ ခေါ်ပြီးနှစ်ပြားမတန်အောင်ပြောတယ်။ ပထမအကြိမ်မှာခေါ်ပြီးပြောဆိုတယ်။ HRမှာ ခံဝန်လက်မှတ်ထိုးမလား။ ဒူးထောက်လမ်းလျှောက်မလားဆိုပြီးခေါ်ပြောတယ်။ ကလေးတွေက HRကိုမသွားရဲတော့ ဒူးထောက်လမ်းလျှောက်ပါ့မယ်ဆိုပြီးတော့ သူတို့ခေါင်းဆောင်ရှိတဲ့နေရာကနေပြီး သူတို့ ဌာနအဆုံးအထိ ဒူးထောက်လမ်းလျှောက်ပြီးသွားကြတယ် " ဟု သတင်းအရင်းအမြစ်က ဆိုသည်။

နိုင်ငံခြားသားအလုပ်ရှင် ကိုယ်တိုင်က ထိုသို့ခိုင်းစေခြင်းမရှိဘဲ အလုပ်သမားအချင်းချင်း အနိုင်ကျင့်မှုများ အပေါ် ရှုတ်ချကြောင်း ၎င်းကဆိုသည်။

စက်ရုံအလုပ်သမားများက Line Leaderများ၏ ဥပဒေမဲ့ အနိုင်ကျင့်ပြုလုပ်မှုများအပေါ် အကူအညီပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာအထွေထွေလုပ်သားသမဂ္ဂများအဖွဲ့ချုပ်(FGWM)ထံသို့ အကြောင်းကြားထားသည်။

"အဖွဲ့ချုပ်ကတော့ H&M ဘရန်းကို ဆက်သွယ်ပြီး အလုပ်သမားတွေရဲ့ မတရားခံနေရမှုကို ဖြေရှင်းပေးဖို့ စာပို့ထားပါတယ်"ဟု မြန်မာနိုင်ငံလုံးဆိုင်ရာအထွေထွေလုပ်သားသမဂ္ဂများအဖွဲ့ချုပ်(FGWM)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly