၂၀၁၅နောက်ပိုင်းမှာမှ တိုးတက်လာတဲ့ သြစတြေးလျ ရင်းနှီးမြှုပ်နှံမှု အလားအလာဆက်ကောင်းမလား

၂၀၁၅နောက်ပိုင်းမှာမှ တိုးတက်လာတဲ့ သြစတြေးလျ ရင်းနှီးမြှုပ်နှံမှု အလားအလာဆက်ကောင်းမလား
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

သြစတြေးလျ သံအမတ်ကြီးနှင့် မဇ္ဈိမ အသေးစိတ် အင်တာဗျူး

မြန်မာနိုင်ငံဆိုင်ရာ သြစတြေလျ သံအမတ်ကြီး မစ္စတာနစ်ကိုးလပ်စ်ကော်ပဲလ် (Mr. Nicholas Coppel) ကို မဇ္ဈိမ အယ်ဒီတာချုပ် ဦးစိုးမြင့်က တွေ့ဆုံမေးမြန်းခဲ့ပြီး သြစတြေလျ မြန်မာ ဆက်ဆံရေး အပါအဝင် အကြောင်းအရာ မျိုးစုံကို ဆွေးနွေးမေးမြန်းခဲ့ပါသည်။ သူတို့နိုင်ငံက ဆက်လက် ပေးအပ် လျက်ရှိသော အကူအညီနှင့် ဖွံ့ဖြိုးရေး အစီအစဉ်များ၊ မြန်မာ့ ရွေးကောက်ပွဲအပေါ် သူတို့နိုင်ငံက နှစ်ထောင်းအားရ ရှိပုံများကိုလည်း ပြောကြားခဲ့သည်။

မဇ္ဈိမ။ ။ အခုကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဘက်ကို လှည့်ချင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သြစ တြေလျနဲ့ မြန်မာ နှစ်နိုင်ငံအကြား အကျိုးတူ ကုန်သွယ်ရေး တိုးတက် လာခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ သြစ တြေလျ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြန်မာနိုင်ငံကို လာရောက်မြှုပ်နှံလုပ်ကိုင်ဖို့ ဘယ်လောက်အထိ စိတ်ဝင်တစား ရှိကြပါသလဲ။ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကရော ဘာတွေပါလဲ။

သြစတြေးလျသံအမတ်ကြီး။ ။ ကုန်သွယ်ရေးကတော့ တိုးတက်နေပါတယ်။ သိပ်တော့မကြီးမားဘူးပေါ့။ သြစတြေလျနိုင်ငံရဲ့ မြန်မာနိုင်ငံကိုပို့တဲ့ ပို့ကုန်အများစုက ဂျုံနဲ့ စားသောက်ကုန်တွေပါ။ မြန်မာနိုင်ငံက ပြန်လည်တင်သွင်းတဲ့ သွင်းကုန်တွေကတော့ ငါးနဲ့ ဟင်းသီးဟင်းရွက်က အဓိကဖြစ်ပါတယ်။ နှစ်နိုင်ငံ အကျိုးတူ ကုန်သွယ်ရေး ပမာဏ စုစုပေါင်းက သိပ်မများပါဘူး။ စီးပွါးရေး ဖွံ့ဖြိုးလာတာနဲ့အမျှ ကုန်သွယ်ရေးကလည်း တိုးတက်လာဖို့ လိုပါတယ်။ ဒါမှ အပြန်အလှန် အကျိုးရှိမှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုကလည်း ဒီလိုပါပဲ။ သမိုင်းအရကို အတော်နည်းပါတယ်။ ဒါပေမဲ့ ၂၀၁၅ မှာတော့ အတော်ကြီးမားတဲ့ သြစတြေလျနိုင်ငံက ရင်းနှီးမြှုပ်နှံမှုရှိခဲ့ပါတယ်။ ပထမ တခုက ANZ ဘဏ်က မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရသွားတာပါ။ အကန့်အသတ်ကြီးတဲ့ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ဖြစ်ပေမယ့် ရန်ကုန်မှာ အခုရုံးခွဲ ဖွင့်ထားပြီးပါပြီ။ ဒုတိယထူးခြားတဲ့ ရင်းနှီးမြှုပ်နှံမှုကတော့ Woodside Energy က ကမ်းလွန် ရေနံလုပ်ကွက်အတွက် အပြိုင်ဝင်ရောက် တင်ဒါဆွဲရာမှာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ အခု သူတို့ဒေါ်လာ သန်း ၅၀၀ နီးပါးလောက်ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် စကားပြောနေကြပါပြီ။ အခုလိုပဲ အခြားသြစတြေလျ ကုမ္ပဏီတွေလည်း ကမ်းလွန်ရေနံ လုပ်ကွက်တွေအတွက် ဈေးပြိုင် လေလံ အောင်ထားတာတွေရှိပါတယ်။ ဒီတော့ တာထွက်ကောင်းပါတယ်။ မြန်မာနိုင်ငံမှာ သြစတြေလျနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုလို့ ဘာမှမရှိခဲ့ရာက အခုတော့ အတော်လေး ရှိလာပါပြီ။ ခုန်ပျံပီးတော့ တိုးတက်လာပါပြီ။

မဇ္ဈိမ။ ။ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏ ကိန်းဂဏန်းတွေကရော ဘယ်လောက်ရှိပါသလဲ။ နောက် ၃-၄ နှစ်အတွင်း မျှော်မှန်းချက်ကရော ဘယ်လိုရှိပါသလဲ။

သြစတြေးလျသံအမတ်ကြီး။ ။ နှစ်နိုင်ငံအကျိုးတူ ကုန်စည်နဲ့ဝန်ဆောင်မှု ကုန်သွယ်ရေး ပမာဏ စုစုပေါင်းက ဒေါ်လာသန်း ၂၅၀ လောက်ရှိပါတယ်။ အပြန်အလှန် ကုန်သွယ်မှု ပမာဏကို ပြောတာပါ။ ရင်းနှီး မြှုပ်နှံမှုကတော့ ဒေါ်လာ တစ် ဘီလျံနီးပါးရှိနေပြီး ပြည့်တော့ မပြည့်သေးပါဘူး။ ရှေ့မှာဆက်ပြီး တိုးတက်လာမယ်လို့ ကျနော်ထင်ပါတယ်။ ဆောက်လုပ်ရေးနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ အင်ဂျင်နီယာ လုပ်ငန်းတွေ၊ ဗိသုကာ လုပ်ငန်းတွေ အပါအဝင် အခြားနယ်ပယ်တွေမှာလဲ ရင်းနှီးမြှုပ်နှံမှုတွေ ရှိပါတယ်။ သတ္တုတွင်း လုပ်ငန်းကတော့ အလားအလာ အလွန်ကောင်းတဲ့ လုပ်ငန်းပါ။ သြစတြေလျနိုင်ငံဟာ သတ္တုတွင်း လုပ်ငန်းမှာ အလွန် အတွေ့အကြုံ ကြွယ်ဝပါတယ်။ ဒေသခံလူထုကို အလွန်လေးစားပြီး ပတ်ဝန်းကျင် ထိန်းသိမ်းမှုကို အလွန် အလေးဂရုပြုတဲ့ ပုံစံနဲ့ ကျနော်တို့ လုပ်ကိုင်ပါတယ်။

 မြန်မာနိုင်ငံမှာလဲ ဒီလိုပုံစံ သတ္တုတွင်းတူး လုပ်ငန်းတွေ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ လုပ်တဲ့သတ္တုတွင်း လုပ်ငန်းတွေ လိုအပ်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ သြစတြေလျနိုင်ငံမှာ သင်ယူစရာ အတွေ့အကြုံတွေ အများကြီး ရှိပါတယ်။ သြစတြေလျ ကုမ္ပဏီတွေကလဲ သူတို့ အတွေ့အကြုံ ဗဟုသုတတွေကို မျှဝေပေးလိုတဲ့ ဆန္ဒရှိကြမယ်လို့ ကျနော်ထင်ပါတယ်။ သတ္တုတွင်း ဥပဒေသစ်ကို မနှစ်က ပြဌာန်းခဲ့ပါတယ်။ နည်းဥပဒေနဲ့ စည်းမျဉ်းတွေ ကတော့ ရေးဆွဲနေတုံးပါဘဲ။ အဲဒီမှာ သြစတြေလျ နိုင်ငံအတွက် စိတ်ဝင်စားစရာ ဘာရှိမလဲ ကြည့်ရမှာပေါ့။ စိတ်ဝင်စားမှု များလာလိမ့်မယ်လို့တော့ ကျနော် မျှော်လင့်ပါတယ်။ စိုက်ပျိုးရေး လုပ်ငန်းကလဲ အလားတူပါဘဲ။ စိုက်ပျိုးရေးကို အခြေခံတဲ့ စီးပါွးရေးလုပ်ငန်း၊ အစားအစာ ထုတ်လုပ်မှုလုပ်ငန်း၊ လယ်ယာသုံး နည်းပညာစတဲ့ နယ်ပယ်တွေဟာ သြစတြေလျနိုင်ငံမှာ အလွန် ဖွံ့ဖြိုး အားကောင်းတဲ့ နယ်ပယ်တွေပါ။ ဒါတွေကိုလဲ မြန်မာနိုင်ငံကို မျှဝေပေးနိုင်ပါတယ်။

မဇ္ဈိမ။ ။ စိုက်ပျိုးရေး လုပ်ငန်းအကြောင်းပြောသွားတော့။ သြစတြေလျက ဘယ်လို နယ်ပယ်တွေမှာ တကယ်တန်း အားကောင်းတာလဲဗျ။ ဝိုင်အရက် ချက်လုပ်ငန်း၊ နို့နဲ့ နို့ထွက်ပစ္စည်းလုပ်ငန်း စသဖြင့်ပေါ့။

သြစတြေးလျသံအမတ်ကြီး။ ။ ဒီနယ်ပယ် နှစ်ခုစလုံးမှာ အားကောင်းပါတယ်။ အခြားနယ်ပယ် အများအပြားမှာလည်း အားကောင်းပါတယ်။ မြန်မာနိုင်ငံမှာလည်း ဝိုင်အရက်ချက်လုပ်ငန်းနဲ့ နို့ထွက်ပစ္စည်း လုပ်ငန်းရှိပါတယ်။ ဒီတော့ ဒီလုပ်ငန်းတွေမှာလည်း အခွင့်အလမ်းတွေရှိမှာ အသေအချာပါပဲ။ ဒီလုပ်ငန်းတွေက စီးပွားရေး သိပ်ဆန်ဆန်လုပ်ရတဲ့ အလုပ်တွေ။ အစိုးရက ဘယ်နေရာမှာ ဘာတွေလုပ်ရမယ် ဝင်ပြောလို့ရတဲ့ အလုပ်တွေမဟုတ်ဘူး။ ဒီတော့ဒီလုပ်ငန်းတွေမှာက ပုဂ္ဂလိက ကဏ္ဍချင်းပဲ ဆက်စပ်လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ကတော့ ကုမ္ပဏီတွေကို မိတ်ဆက် ပေးတာတွေ၊ လုပ်ငန်းလွယ်ကူ အဆင်ပြေချောမွေ့အောင် ကူညီတာတွေမှာ ကူညီပေးနိုင်ပါတယ်။ တကယ်တမ်း လုပ်ရမှာကတော့ သက်ဆိုင်ရာ ကုမ္ပဏီတွေက ပူးပေါင်းလုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ နှစ်ဘက် အကျိုးရှိမဲ့ သဘောတူ စာချုပ်တွေ ချုပ်ဆိုနိုင်အောင် လုပ်ရပါမယ်။ ပြီးတော့ ရှေ့ဆက်လုပ်ရပါမယ်။ ပွင့်လင်း လွတ်လပ်တဲ့ ဈေးကွက်၊ ပွင့်လင်းလွတ်လပ်တဲ့ရင်းနှီးမြှုပ်နှံမှုတွေမှာ နှစ်နိုင်ငံအကြားပုဂ္ဂလိက ကဏ္ဍကပဲ ဆက်သွယ် လုပ်ကိုင်သွားနိုင်ရပါမယ်။

မဇ္ဈိမ။ ။ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး စာချုပ်ကရော ဘယ်လို ရှိပါသလဲ။ ဒီအပေါ် မှာရော ဘယ်လိုထင်ပါသလဲခင်ဗျ။

သြစတြေးလျသံအမတ်ကြီး။ ။ သြစတြေလျနဲ့မြန်မာနှစ်နိုင်ငံအကြားမှာ နှစ်နိုင်ငံအကျိုးတူစာချုပ်မရှိပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံ အပါအဝင်ဖြစ်တဲ့ အာဆီယံအဖွဲ့နဲ့တော့စာချုပ်ရှိပါတယ်။ အာဆီယံ၊ သြစတြေလျ နဲ့ နယူးဇီလန်နိုင်ငံတို့အကြားမှာ လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူညီချက်ဆိုတဲ့ အကာအကွယ်ရှိပါတယ်။ ခင်ဗျားပြောတဲ့ကိစ္စတွေ ကို ဒီသဘောတူညီချက်ပါ ပြဌာန်းချက်တွေက ကာကွယ်ပေးပါတယ်။ ဒီတော့နှစ်နိုင်ငံအကျိုးတူစာချုပ် ချုပ်ဖို့ မလိုအပ်ပါဘူး။

မဇ္ဈိမ။ ။ မြန်မာနိုင်ငံကို ဒေသတွင်းနိုင်ငံတခုအနေနဲ့ရော ဘယ်လိုမြင်ပါသလဲ။ မြန်မာနိုင်ငံက တောင်အာရှနဲ့ အရှေ့တောင်အာရှ အကြားရှိနေတာ၊ အိမ်နီးချင်း နိုင်ငံကြီးနှစ်ခုအကြား ရှိနေတာဆိုတော့။ မြန်မာနိုင်ငံကို ဒေသတွင်းမှာ ဘယ်လိုမြင်ပါသလဲ။ ဒေသတွင်း သြစတြေလျနိုင်ငံရဲ့ အခန်းကဏ္ဍကိုရော ဘယ်လိုမြင်ပါသလဲ။

သြစတြေးလျသံအမတ်ကြီး။ ။ ဒေသတွင်းတည်ငြိမ်မှုဟာ မြန်မာအတွက်ရော သြစတြေလျအတွက်ပါ နိုင်ငံ့အကျိုးစီးပွါး ဖြစ်ပါတယ်။ ဒါကျနော်တို့နိုင်ငံတွေရဲ့ အကျိုးစီးပွား ဖြစ်ပါတယ်။ သြစတြေလျ စီးပွားရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဘယ်လိုအရေးပါတယ် ဆိုတာ ခင်ဗျားကို ကျနော်ပြောခဲ့ပါတယ်။ အစပိုင်းမှာ တော့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အပေါ်ကျနော်တို့ မှီခိုခဲ့ရပါတယ်။ ဒီနှစ်ခုလုံးကလည်း ရေကြောင်းသွားလာ ရေးနဲ့ ဈေးကွက်အတွက် ငြိမ်းချမ်းတဲ့ ဝန်းကျင်တရပ်လိုတယ်။ ဒီတော့အင်အား တောင့်တင်းတဲ့ အာဆီယံအဖွဲ့ကြီးကတဆင့် ပေါင်းစည်းသွားတဲ့ ဖြစ်စဉ်ကို ကျနော်တို့မြင်ချင်ပါတယ်။ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းတဲ့ နယ်နိမိတ်ရှိစေချင်ပါတယ်။ လူတိုင်းကလည်း ဒါကိုပဲလိုချင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ဒါကြောင့်ပဲ ကျနော်တို့ရဲ့ ဖွံ့ဖြိုးရေး အကူအညီအစီအစဉ်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထောက်ပံ့ပေးနေတာပါ။ ဘာလို့လဲ ဆိုတော့ ဒီကိစ္စဟာ အလွန်အရေးပါတယ်လို့ ကျနော်တို့မြင်လို့ဖြစ်ပါတယ်။

မဇ္ဈိမ။ ။ တရုတ်နဲ့ ဆက်ဆံရေးလည်း တိုးတက်လာတယ်လို့ ကျနော်ထင်ပါတယ်။ တရုတ်နဲ့ အိန္ဒိယနိုင်ငံ တွေရဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို ဒေသတွင်းမှာ ဘယ်လိုမြင်ပါသလဲ။  ကမ္ဘာလုံးဆိုင်ရာ စီးပွါးရေး နှေးကွေးသွားမှုဟာ အခု အာရှကိုရွေ့လာခဲ့ပြီလို့ ထင်ပါသလား။ ဒေသတွင်း တရုတ်နဲ့ အိန္ဒိယတို့ စီးပွါးရေးဖွံ့ဖြိုးလာတဲ့အပေါ် မှာ  သြစတြေလျနိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာ အခန်းကဏ္ဍကိုရော ဘယ်လိုမြင်ပါသလဲ။

သြစတြေးလျသံအမတ်ကြီး။ ။ တရုတ်နဲ့အိန္ဒိယ စီးပွါးရေးတိုးတက်ဖွံ့ဖြိုးလာတာ ကမ္ဘာကြီးအတွက် အရေးပါပါတယ်။ ပြည်သူတွေ အတွက်လဲ အရေးပါပါတယ်။ တရုတ်နိုင်ငံတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကြောင့် သန်းရာပေါင်းများစွာသော ပြည်သူတွေ ဆင်းရဲတွင်းကလွတ်မြောက်သွားကြပါတယ်။ ဒါကိုမြင်ရလို့ကျနော်တို့ ကျေနပ်ဝမ်းမြောက်ပါတယ်။ တရုတ်နဲ့အိန္ဒိယမှာ စီးပွါးရေး ဖွံ့ဖြိုးလာတော့ ကုန်ကြမ်းလိုအပ်ချက် အရမ်းများလာပါတယ်။ ဒါတွေကို သြစတြေလျက ကောင်းကောင်း ဖြည့်ဆီးပေးနိုင်ပါတယ်။ ဒီတော့ သြစတြေလျနိုင်ငံလဲ ၂၅ နှစ်ကျော်ကျော် စီးပွါးရေးဆက်တိုက်တိုးတက်လာပါတယ်။ ပို့ကုန်လုပ်ငန်းမှာအထူးသဖြင့်ကောင်းခဲ့ပါတယ်။ ကုန်ကြမ်း အမြောက်အမြားကို တရုတ်နိုင်ငံကို စီးပွါးရေးဖွံ့ဖြိုးတိုးတက်ရေး အတွက် ပေးပို့နိုင်ခဲ့ပါတယ်။ အလားတူပဲ အိန္ဒိယနိုင်ငံရဲ့ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း တရုတ်လောက် မများပေမဲ့ကုန်ကြမ်းတွေတင်ပို့ပေးနိုင်ခဲ့ပါတယ်။ ဒီနိုင်ငံတွေ စီးပွါးရေး တောင့်တင်းပြီး တိုးတက်လာတာမြင်ရတာ ကျနော်တို့ အားရကျေနပ်ပါတယ်။ အဲဒီကလူတွေလည်း ဆင်းရဲတွင်းက လွတ်ခဲ့ပါတယ်။ ဒါဟာ ကမ္ဘာကြီးအတွက် ကောင်းတာပါပဲ။

မဇ္ဈိမ။ ။ အခုထိ သံအမတ်ကြီး နေခဲ့တဲ့ကာလအတွင်း ကြုံခဲ့ရတဲ့ထဲက ဘာတွေများ ထူးထူးခြားခြား ပြောလိုပါသလဲ။

သြစတြေးလျသံအမတ်ကြီး။ ။ မြန်မာနိုင်ငံဟာ အတော်လေးကြီးတဲ့ နိုင်ငံပါ။ ကျနော့်အတွက် ထူးခြားတာတွေထဲက တခုကတော့ ခရီးတွေသွားခွင့်ရခဲ့တာပါပဲ။ ရခိုင်ပြည်နယ်၊ စစ်ကိုင်း၊ ကချင်၊ မန္တလေး၊ တနင်္သာရီတွေရောက်ခဲ့တယ်။ နေပြည်တော်ကတော့ ခဏခဏရောက်တယ်။ အစိုးရ အဖွဲ့ဝင်တွေနဲ့ တွေ့ဖို့သွားရတာပါ။ တောင်ပိုင်းရှမ်း ပြည်လဲရောက်ခဲ့တယ်။ အားလပ်ရက်မှာ ပုဂံလဲရောက်ခဲ့ပါတယ်။ မကြာသေးခင်ကဘဲ ကားနဲ့ ၂ ပတ် လောက်ခရီးထွက်ခဲ့ပါသေးတယ်။ အလွန်ပျော်ဖို့ကောင်းပါတယ်။

ဒါပေမဲ့ သတိတရအရှိဆုံး အကြိုက်ဆုံးကတော့ ခပ်ရိုးရိုးကိစ္စတွေပါဘဲ ခရီးသွားရတာ မြန်မာထမင်းဆိုင် တွေသွားပြီး ဘာစားရင်ကောင်းမလဲရှာရတာ တခါမှမစားဖူးတဲ့ တချို့ဟင်းတွေမြည်းကြည့်ရတာ တွေပါပဲ။ ဒါတွေလုပ်ရတာ တကယ့်ကို ကျေနပ်ပျော်ရွှင်မိပါတယ်။ မြန်မာအစားအစာ လတ်လတ်ဆပ်ဆပ်တွေစားရ တော့ မစားဖူးတဲ့ အရသာအသစ် အနံ့အရသာသစ်တွေ ရတော့ အလွန်ပျော်ရွင်ကျေနပ်ပါတယ်။ ဥပမာ အနေနဲ့ပြောရရင် မန္တလေးကိုမရောက်ခင်က စဉ်းစားထားတာက မြန်မာဟင်းတွေစားမယ်ပေါ့။ ဒါပေမဲ့ အဲဒီ ရောက်တော့ သိပ်ကိုကောင်းတဲ့ လတ်ဆပ်တဲ့ အသုပ်တွေတွေ့တယ်၊ ချင်းသုပ်ကို သွားတွေ့တယ်။ ဒါတွေ ဟာ မြန်မာနိုင်ငံပြင်ပမှာ လူသိနည်းသေးတယ်လို့ ကျနော်ထင်ပါတယ်။ ဒီတော့အသစ်အဆန်းတွေ့ရင် လူတိုင်း အံ့သြဝမ်းသာတာပါပဲ။

မဇ္ဈိမ။ ။ သြစတြေလျနိုင်ငံမှာလဲ မြန်မာနိုင်ငံသားတွေ ရွှေ့ပြောင်း အခြေစိုက်နေတာတွေ ရှိနေတယ်လို့ ကျနော် သိထားပါတယ်။  သူတို့ဟာအခုသြစတြေလျနိုင်ငံရဲ့ အစိတ်အပိုင်း တရပ်ဖြစ်နေပါပြီ။ မတူညီတဲ့လူမျိုးတွေ မတူညီတဲ့ နောက်ခံတွေက လာတဲ့သူတွေနဲ့ နိုင်ငံ တည်ဆောက် ရတာကိုရော သံအမတ်ကြီးရော ဘယ်လိုမြင်ပါသလဲ။ မြန်မာနိုင်ငံရဲ့ ကနေ့အနေအထားကို ဘယ်လိုမြင်ပါသလဲ အထူးသဖြင့် နိုင်ငံတည်ဆောက်ရေး အပိုင်းမှာပေါ့။

သြစတြေးလျသံအမတ်ကြီး။ ။ ခင်ဗျားပြောတာမှန်ပါတယ်။ သြစတြေလျနိုင်ငံဟာ ယဉ်ကျေးမှုပေါင်းစုံ အတူတကွ နေထိုင်တဲ့ လူ့အဖွဲ့အစည်းပါ။ ကျနော့်အထင်ပြောရရင် နိုင်ငံကို ကမ္ဘာတဝှမ်းက ရောက်လာပြီး သြစတြေလျနိုင်ငံကလက်ခံ ထားတဲ့သူတွေနဲ့ ပေါင်းစည်းတည်ဆောက်ထားတာပါ။ သြစတြေလျ နိုင်ငံကိုရောက်လို့ လက်ခံထားလိုက်တာ နဲ့ အမြဲတမ်း နေထိုင်ခွင့် ရလိုက်တာကြောင့် ခံစားခွင့်တွေလည်း အမြောက်အမြား ရနိုင်တာကြောင့် လာဖို့လမ်းက အတော်ဖြောင့်ပါတယ်။ ဒီလိုပါပဲ အမြဲတန်း နေထိုင်ခွင့်ရထားပြီးသား သူတယောက်အဖို့ နိုင်ငံသားဖြစ်ဖို့လမ်းကလဲ အတော်လွယ်ကူပါတယ်။ နိုင်ငံသားဖြစ်ရင် မဲပေးခွင့်အပါအဝင် အခွင့်အရေးအပြည့်အဝရပါ ပြီ။ ဒီတော့ သြစတြေလျနိုင်ငံက လက်ခံဖို့လုပ်ရတာက အခရာပါပဲ အဲဒီဖြစ်စဉ်က အဓိကကျတယ် ကျနော်ထင်ပါတယ်။

တခြားဟာတွေကတော့ လူတိုင်းတက္ကသိုလ် ပညာသင်ကြားနိုင်ခွင့် ကျယ်ကျယ်ပြန်ပြန့် ပေးထားပါတယ်။ ဒီတော့ မတူညီတဲ့နောက်ခံ အသီးသီးကလာကြသူတွေအနေနဲ့လည်း ပညာရေး စနစ်ကနေ ခံစားခွင့်တွေရနိုင် ပါတယ်။ ပညာရလာရင် စီးပွားရေးမှာ ပါဝင်ခွင့်ရလာပါမယ်၊ လူ့အဖွဲ့အစည်းအတွင်း ပါဝင်ခွင့်ရလာပါမယ်။ မတူ ညီတဲ့နောက်ခံ အသီးသီးကလာတဲ့သူတွေ စီးပွားရေးမှာ ပါဝင်ဆောင်ရွက်ခွင့်ရှိရေးဆိုတာ လမ်းစရှာရတဲ့ ဖြစ်စဉ် တခုပါပဲ။ ဒီအတွက် အကြုံးဝင်ရေးဆိုတဲ့ ဝေါဟာရတခုရှိပါတယ်။ စီးပွားရေးမှာပါဝင်ခွင့်ရပြီ လူ့အဖွဲ့အစည်းမှာ ပါဝင်ခွင့်ရပြီဆိုရင် တိုင်းပြည်အတွက် အင်အားဖြစ်လာတာပါပဲ။

ဘာလို့လဲဆိုတော့ မတူညီတဲ့နောက်ခံအသီးသီးက လာတဲ့သူတွေမှာ ပြဿနာတခုချင်းစီအပေါ် မတူညီတဲ့ အမြင်တွေ အတွေးတွေရှိကြပါတယ်။ မတူညီတဲ့ကျွမ်းကျင်မှုတွေရှိကြပါတယ်။ ဒါတွေကို ကောင်းကောင်း ကြိုးကိုင်အသုံးချနိုင်ပြီဆိုရင် ခင်ဗျားရဲ့စီးပွါးရေးလဲ တောင့်တင်းခိုင်မာလာမှာပါဘဲ။ ဒီတော့ ကျနော်တို့ လူ့ အဖွဲ့အစည်းကို အကြုံးဝင်ခြင်း ပါဝင်ခြင်းဆိုတာနဲ့ အဓိပ္ပါယ်သတ်မှတ်ထားပါတယ်။ ဒါဟာကျနော်တို့လူ့အဖွဲ့ အစည်းရဲ့ အဓိကအင်အားဘဲလို့ကျနော်ထင်ပါတယ်။ သြစတြေလျတနိုင်ငံထဲမဟုတ်ပါဘူး။ တခြားနိုင်ငံ တွေဟာလဲ အခုလို ရွှေ့ပြောင်းဝင်ရောက်လာသူအစီအစဉ်တွေရှိကြပါတယ်။ အားလုံးပါဝင်စေတဲ့ ခိုင်မာတဲ့ သမိုင်းကြောင်းတွေရှိကြပါတယ်။ ဒီလို ယဉ်ကျေးမှုပေါင်းစုံစုစည်းနေထိုင်တာကနေ လူ့အဖွဲ့အစည်းကို တည် ဆောက်တာ စီးပွါးရေးကိုတည်ဆောက်တာတွေလုပ်ခဲ့ကြပါတယ်။ ဒီတော့ဒါဟာ သြစတြေလျတနိုင်ငံထဲ ရဲ့ ထူးခြားတဲ့အသွင်အပြင်တရပ်မဟုတ်ပါဘူး။ သြစတြေလျနိုင်ငံရဲ့ ဝိသေသလက္ခဏာတခုတော့ ဟုတ်ပါတယ်။ မြန်မာမှာလည်း ဒီလိုပါပဲ။ လူမျိုးစုပေါင်း ၁၃၅ မျိုးစုပေါင်းနေထိုင်ကြတယ်။ ဒီလိုမတူကွဲပြားမှုတွေကိုစုစည်းပြီး အင်အားတရပ်ဖြစ်လာအောင်လုပ်ရေးဟာ အလားတူအရေးကြီးတယ်လို့ထင်ပါတယ်။ ဒါကိုအကြုံးဝင်ရေး ပါဝင်ရေးဆိုတဲ့ဖြစ်စဉ်ကို ဖြတ်သန်းတည်ဆောက်ရပါမယ်။

မဇ္ဈိမ။ ။ တခြားဘာများဖြည့်ပြီး ပြောစရာရှိပါသေးသလဲခင်ဗျာ။

သြစတြေးလျသံအမတ်ကြီး။ ။ သြစတြေလျနိုင်ငံနဲ့ မြန်မာနိုင်ငံအကြားသံတမန်ဆက်ဆံရေးဟာ ၁၉၅၂ ခုနှစ်ကတဲကရှိခဲ့ပါတယ်။ နှစ်ပေါင်း ၆၀ ကျော်ပါပြီ။ သြစတြေလျနိုင်ငံဟာ ဒေသတွင်းမှာ အစိတ်အပိုင်း တရပ်ဖြစ်နေခဲ့တာလည်း နှစ်ပေါင်း ၆၀ ကျော်ပါပြီ။ ဒါအသွင်အပြင် အသစ်တရပ်မဟုတ်ပါဘူး။ သြစတြေလျနိုင်ငံရဲ့ အင်အားတရပ်က ကျနော်ထင်တာ ကြည့်လိုက်ရင် အနောက်နိုင်ငံတနိုင်ငံ ဥရောပနိုင်ငံ တနိုင်ငံလို့ထင်ရပေမဲ့ တကယ်တော့ ဒေသတွင်း အစိတ်အပိုင်းတရပ်ပါ။ သြစတြေလျကလည်း သူ့ကိုယ်သူဒေသတွင်း အစိတ်အပိုင်းတရပ်လို့ပဲ မြင်ပါတယ်။ မြန်မာနိုင်ငံနဲ့ဆက်ဆံရေးကိုလည်း ဒီအခြေခံပေါ်ကနေပဲ ဆက်ပြီးတည်ဆောက်သွားမှာပါ။ စီးပွါးရေးကို တံခါးဖွင့်ပေးလိုက်တာနဲ့ အစိုးရအဖွဲ့ကို အရပ်သား အစိုးရအဖွဲ့ပုံစံဖြစ်အောင် လုပ်လိုက်တာတွေကြောင့် အခွင့်အလမ်းသစ်တွေလည်း ပေါ်လာတယ်လို့ ကျနော်ထင်ပါတယ်။ ဒီဆက်ဆံရေးကိုအခြေခံပြီး မြန်မာ သြစတြေလျ နှစ်နိုင်ငံအပြန်အလှန် အကျိုးရှိရေးအတွက် တည်ဆောက်လုပ်ကိုင်သွားမှာပါ။ ဒီနိုင်ငံသံရုံးမှာ သြစတြေလျနိုင်ငံရဲ့ သံအမတ်ကြီး အဖြစ်ကျနော်ရှိနေတာဟာ ဒီအလုပ်ကိုလုပ်ဘို့ပါ။ ဒီဖြစ်စဉ်ကိုပါဝင်ဖြည့် ဆီးပေးဘို့ဖြစ်ပါတယ်။ နောက်လာမဲ့နှစ်တွေမှာလဲ ဒီအလုပ်ကို ဆက်လုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်။ 

ကျေးဇူးတင်ပါတယ်ခင်ဗျ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly