ထား၀ယ်မြို့ ဘဝပင်ရွာတွင် ပျောက်ဆုံးနေသည့် အမျိုးသား၏ ရုပ်အလောင်းကို အမှိုက်ပုံတွင် ပြန်တွေ့

By ကိုရွှေမြိတ်
18 September 2022
ထား၀ယ်မြို့ ဘဝပင်ရွာတွင် ပျောက်ဆုံးနေသည့် အမျိုးသား၏ ရုပ်အလောင်းကို အမှိုက်ပုံတွင် ပြန်တွေ့

စက်တင်ဘာ ၁၈

မဇ္ဈိမ ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ၊ဘ၀ပင်ရွာတွင် ပျောက်ဆုံးနေသည့် အမျိုးသား တစ်ဦး၏ ရုပ်အလောင်းကို တစ်ပတ်အကြာတွင် အမှိုက်ပုံ၌ ပြန်လည် တွေ့ရှိရကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ ဘ၀ပင်ကျေးရွာ၌ ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက စစ်ကောင်စီတပ်ဖွဲ့ လာရောက်တပ်စွဲပြီးနောက် တိုက်ပွဲတချို့ ဖြစ်ပွားခဲ့ပြီး ဒေသခံရွာသား ဦးရေ ၁၀၀ ခန့်ကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဘ၀ပင်ကျေးရွာနေ ဒေသခံတစ်ဦးက“စစ်တပ်က ရွာထဲကို ဝင်လာတဲ့ အချိန်မှာ ဒေသခံ ရွာသားတွေ အတော်များများ ဖမ်းဆီးခံခဲ့ရတယ်။ သူတို့ ရွာက ပြန်ထွက်သွားချိန်မှာ အားလုံးပြန်လွတ်ပေးခဲ့ပေမယ့် ရွာသား တစ်ယောက်တော့ သတ်ခံလိုက်ရတယ်”ဟု ပြောသည်။

စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခံရသူမှာ အသက် (၄၆) နှစ်အရွယ် ကိုကျော်မိုး ဆိုသူဖြစ်ပြီး ရွာမှ စစ်ကောင်စီတပ်ဖွဲ့ ထွက်ခွါသွားပြီးနောက် စက်တင်ဘာလ ၉ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး တစ်ပတ်အကြာ စက်တင်ဘာလ ၁၅ရက်နေ့၌ ၎င်း၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က ဘုန်းကြီးကျောင်းတွင် ပုန်းခိုတပ်စွဲနေစဥ် ၎င်းကိုဖမ်းဆီးသွားပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုထားသည်။

ယင်းကျေးရွာသို့ စက်တင်ဘာလ ၆ ရက်နေ့က စစ်ကောင်စီတပ်သားများ လာရောက် တပ်စွဲပြီး ဒေသခံ ၁၀၀ ခန့်ကို လူသားဒိုင်အဖြစ် ဖမ်းဆီးထားကာ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

အဆိုပါ ထားဝယ်-ထီးခီး လမ်းတွင် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်အဖွဲ့နှင့် စစ်ကောင်စီ တပ်သားများကြား တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်းစီဘက်က ဗိုလ်ကြီး အဆင့်ရှိသူ တစ်ဦးနှင့် ဒုတပ်ကြပ် ခြောက်ဦး ကျဆုံးခဲ့ပြီး ၎င်းတို့ထံမှ လက်နက်ခဲယမ်းများကို ကော်သူးလေ တပ်မတော်နှင့် PDF ပူးပေါင်းတပ်အဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#တနင်္သာရီတိုင်း

#ထားဝယ်မြို့နယ်

#စစ်ကောင်စီတပ်ဖွဲ့

#လူသားဒိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly