ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် ပေါက်ကွဲမှုကြောင့် လူ ၅ ဦးသေဆုံး

ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် ပေါက်ကွဲမှုကြောင့် လူ ၅ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် ဆွက်ခရိုင် ဘာရာ ဘန်ဒိုင်း ဧရိယာတွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု ဖြစ်စဉ်တစ်ခုအတွင်း ငြိမ်းချမ်း‌ရေး ကော်မတီဝင်တစ်ဦး၊ ရဲနှစ်ဦးနှင့် လုံခြုံရေး အစောင့်များ အပါအဝင် လူငါးဦးထက်မနည်း သေဆုံးခဲ့သည်။

အဆိုပါ ဖြစ်စဉ်သည် လမ်းဘေးဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပြီး ဆွက်ခရိုင် ကာဘဲလ်ဧရိယာ၏ ကျေးရွာကာကွယ်ရေး ကောင်စီ (Aman Committee) ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သည့် ငြိမ်းချမ်းရေး ကော်မတီဝင် အိုင်ဒရီးစ် ခန်း၏ ကားကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း ဖြစ်ကြောင်း ARY News က ဖော်ပြသည်။
 
ထို ဖြစ်စဉ် ဖြစ်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့များက အဆိုပါ ဧရိယာသို့ ရောက်ရှိခဲ့ကြသည်။ ပေါက်ကွဲမှု ဖြစ်စဉ် ဖြစ်ပြီးနောက် ပြည်နယ်၏ မြို့တော်တွင် လုံခြုံရေးတင်းကျပ်ရန် ခိုင်ဘာ ပက်ခ်တွန် ခဝါပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ရဲချုပ်ကို ညွှန်ကြားခဲ့သည်။

ထို့ပြင် ပြည်နယ် ဝန်ကြီးချုပ် မာမွတ်ခ် ခန်းသည် သက်ဆိုင်ရာ အာဏာပိုင်များထံမှ အစီရင်ခံစာတစ်ရပ် တောင်းထားကြောင်း ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်ဟု ARY News က ဖော်ပြသည်။

ထို တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး လက်ရှိအချိန်အထိ မည်သည့်အဖွဲ့ကမှ တာဝန်ခံ ထုတ်ဖော်ခြင်း မရှိသေးပေ။ သက်ဆိုင်ရာ အာဏာပိုင်တို့ကလည်း စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို လုပ်ဆောင်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly