အိန္ဒိယမှ ဝါတင်သွင်းခွင့်ရရန် ပါကစ္စတန်ကုန်သွယ်ရေးအဖွဲ့က အစိုးရကို တောင်းဆို

အိန္ဒိယမှ ဝါတင်သွင်းခွင့်ရရန် ပါကစ္စတန်ကုန်သွယ်ရေးအဖွဲ့က အစိုးရကို တောင်းဆို

ပါကစ္စတန်နိုင်ငံတွင် အကြီးအကျယ် ထိခိုက်ပျက်စီးစေသော ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ပြီးနောက် အထည်အလိပ်လုပ်ငန်း၏ အခြေအနေ စိုးရိမ်နေရချိန်တွင် အိန္ဒိယထံမှ ဝါဂွမ်းတင်သွင်းခြင်းကို ခွင့်ပြုပေးရန် ပါကစ္စတန်ကုန်သွယ်ရေးအဖွဲ့တစ်ခုက ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် အစိုးရထံ ပန်ကြားထားသည်။

ဆင်းဒ်နှင့် ပန်ဂျပ်ပြည်နယ်တို့ရှိ ဝါထုတ်လုပ်သူများ ဆုံးရှုံးမှုများနှင့် အကြီးအကျယ် ကြုံတွေ့ခဲ့ရသဖြင့် တိုးလာသည့် ပို့ကုန်အမှာစာများကို ဖြည့်ဆည်းနိုင်ရန် ဝါဂါမှတစ်ဆင့် အိန္ဒိယနှင့် ကုန်သွယ်ရန် ပါကစ္စတန် အထည်အလိပ်တင်ပို့သူများ အသင်းက အဆိုပြုကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ပါကစ္စတန်တွင် ရေကြီးမှုကြောင့် ဝါသီးနှံစိုက်ခင်း ၂၅ ရာခိုင်နှုန်းအထိ ထိခိုက်ပျက်စီးခဲ့ပြီး ကုန်ကြမ်း ပြတ်လပ်မှု ဖြစ်နိုင်ခြေ   ရှိနေကြောင်း ပို့ကုန်တင်ပို့သူများ၏ ကနဦး ခန့်မှန်းချက်များကို ကိုးကားပြီး ပါကစ္စတန် သတင်းစာက ဖော်ပြသည်။

ပါကစ္စတန်အစိုးရသည် ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်တွင်  ဖွဲ့စည်းပေးခဲ့သည့် ကော်မတီက   ပြည်တွင်းဈေးကွက်ထဲသို့ အဆင့်အမြင့်ဆုံး ဝါမျိုးစေ့များ ပေးသွင်းရာတွင် အဆင်ပြေစေရန် မျိုးစေ့ ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်မည် ဖြစ်သည်။

ဝါသီးနှံ အထွက်နှုန်းနှင့် ဧရိယာကို တိုးချဲ့ရေး အဆိုပြုချက်များကို သုံးသပ်ရန်နှင့် သက်ဆိုင် ပတ်သက် သူများနှင့် တိုင်ပင်ညှိနှိုင်းရန် ခေါ်ယူသည့် အရေးကြီး အစည်းအဝေးတစ်ခုအတွင်း ထိုကဲ့သို့ ကော်မတီ တစ်ခု ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required