ကပ်ရောဂါစတင်ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် တရုတ်သမ္မတရှီကျင့်ဖျင် ကာဇက်စတန်သို့ ရောက်ရှိ 

ကပ်ရောဂါစတင်ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် တရုတ်သမ္မတရှီကျင့်ဖျင် ကာဇက်စတန်သို့ ရောက်ရှိ 

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အလယ်အာရှနိုင်ငံနှင့် အိမ်နီးချင်း ဥဇဘက်ကစ္စတန်နိုင်ငံသို့ ၃ ရက်ကြာခ ရီးစဉ်အတွက် စက်တင်ဘာ ၁၄ ရက်ညနေပိုင်းတွင် ကာဇက်စတန်နိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ ဆင်ဟွာက ဖော်ပြခဲ့ပြီး ၂ နှစ်ခွဲကျော်ကာလအတွင်း ရှီ၏ တရုတ်ပြည်ပ ပထမဆုံး ခရီးစဉ်ဖြစ်သည်။

ရှီ၏ အထူးလေယာဉ်သည် ကာဇက်စတန်မြို့တော် နာဆူလ်တန်ရှိ နာဆူလ်တန်နာဇာဘာယက်လေဆိပ်တွင် ဆင်းသက်ပြီးနောက် ကာဇက်သမ္မတ ကာဆင်ဂျုမာ့တိုကာယက်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည့်ပုံကို ကာဇတ်သမ္မတရုံးမှ ထုတ်ပြန်သည့် ဗီဒီယိုတွင် တွေ့ရသည်။

ကာဇက်စတန်နိုင်ငံ Akordaသမ္မတအိမ်တော်၏ ထုတ်ပြန်ချက်တွင် ၎င်းတို့နှစ်ဦးသည် "ကာဇက်စတန်-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ခိုင်မာစေမည့် အလားအလာများ" ကို ဆွေးနွေးပြီးနောက် နှစ်နိုင်ငံသဘောတူညီချက်များကို လက်မှတ်ရေးထိုးရန် မျှော်လင့်ထားကြောင်း ဖော်ပြထားသည်။

ရှီသည် စက်တင်ဘာ ၁၅ ရက်တွင် စတင်မည့် ဥဇဘက်ကစ္စတန်နိုင်ငံဆာမာကန်မြို့၌ ကျင်းပမည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး၏ ပူးတွဲအစည်းအဝေးတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံမည်ဟု မျှော်လင့်ရသည်။

တရုတ် ဦးဆောင်သော ယူရေးရှား ၈ နိုင်ငံမှ ခေါင်းဆောင်များသည်  နိုင်ငံရေး၊ စီးပွားရေးနှင့် ဒေသတွင်း လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးရန် တွေ့ဆုံကြခြင်းဖြစ်သည်။

ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း ရှီနှင့် ပူတင်တို့အကြား ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံမှု ဖြစ်လာမည်ဖြစ်သည်။
 တရုတ်သည် ရုရှားစစ်ဆင်ရေးအတွက် စစ်ရေးအရ ပံ့ပိုးကူညီမှု မပေးခဲ့ဘဲ ရုရှားအပေါ် ချမှတ်ထားသည့် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို ဝေဖန်ခဲ့ကာ ရုရှားလုပ်ရပ်ကို “ကျူးကျော်မှု” ဟု ခေါ်ဆိုခြင်းမှ ရှောင်ကြဉ်ခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီက လာမည့်လတွင် အမျိုးသားကွန်ဂရက်ကျင်းပရန် ပြင်ဆင်နေချိန်နှင့် နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်ကြားဖြတ်သမ္မတရွေးကောက်ပွဲနှင့် ၂၀၂၄ ခုနှစ် ရုရှားသမ္မတရွေးကောက်ပွဲများမတိုင်မီ ယခုခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

လွန်ခဲ့သည့်တစ်နှစ်က အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ ဆုတ်ခွာပြီးနောက်ပိုင်း တရုတ်သည် ဘာသာရေးအစွန်းရောက်မှုနှင့် အကြမ်းဖက်မှုများကို  နိုင်ငံ့အနောက်ဘက်အစွန်ဆုံး ရှီကျန်း ဝီဂါကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသို့ မစိမ့်ဝင်စေရေးလုပ်ဆောင်ရန် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ကို အခွင့်အလမ်းတစ်ခုအဖြစ် ရှုမြင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly