ပါကစ္စတန်ဝန်ကြီးချုပ်၏ လန်ဒန် ခရီးစဉ်အတွင်း  ဗြိတိန်ဘုရင်မကြီး၏ ဈာပနပွဲ တက်ရောက်နိုင်

ပါကစ္စတန်ဝန်ကြီးချုပ်၏ လန်ဒန် ခရီးစဉ်အတွင်း  ဗြိတိန်ဘုရင်မကြီး၏ ဈာပနပွဲ တက်ရောက်နိုင်

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်သည် လာမည့် စက်တင်ဘာ ၁၈ ရက်တွင် ဗြိတိန်သို့ ခရီးစဉ် သွားရောက်မည် ဖြစ်ပြီး ၎င်းသည် ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်က ကွယ်လွန်သွားသော ဗြိတိန် ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘတ်၏ ဈာပနအခမ်းအနားသို့ တက်ရောက်ဖွယ် ရှိကြောင်း ပြည်တွင်း မီဒီယာ တစ်ခုဖြစ်သည့် ARY News က ဖော်ပြသည်။

အဆိုပါ ခရီးစဉ်မတိုင်မီ ပါကစ္စတန်ဝန်ကြီးချုပ်သည် စက်တင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသော နှစ်ရက်ကြာ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အစည်းအဝေးကို တက်ရောက်ရန် ဥဇဘတ်ကစ္စတန်နိုင်ငံ ဆာမာရ်ကန့်မြို့သို့ ဝင်ရောက်မည်ဟု သတင်းရင်းမြစ်များကို ကိုးကားပြီး အဆိုပါသတင်းတွင် ဖော်ပြသည်။

 ရှာရစ်သည်  ပါကစ္စတန်သို့ ပြန်လာပြီး နောက်နှစ်ရက်အကြာတွင် လန်ဒန်သို့ သွားရောက်၍ ဒုတိယမြောက် အဲလိဇဘတ်ဘုရင်မကြီး၏ ဈာပနအခမ်းအနားကို တက်ရောက်မည် ဖြစ်သည်။ အဆိုပါ ဗြိတိန်ခရီးစဉ်အတွင်း နိုင်ငံရေးခေါင်းဆောင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ARY News က ဖော်ပြသည်။

 စက်တင်ဘာ ၁၉ ရက်တွင် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်သည် နယူးယော့ခ်သို့ ဆက်လက် သွားရောက်ပြီး စက်တင်ဘာ ၂၃ ရက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးတွင် မိန့်ခွန်းပြောမည် ဖြစ်သည်။

 “သူ ကုလ အထွေထွေ ညီလာခံ အစည်းအဝေး မိန့်ခွန်းပြောပြီးရင် ပါကစ္စတန်ကို ပြန်လာပါလိမ့်မယ်” ဟု သတင်းရင်းမြစ်များက ပြောသည်။
 
စက်တင်ဘာ ၉ ရက်က ပါကစ္စတန်သမ္မတ အာရစ် အယ်လ်ဗီနှင့် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်တို့သည် ဗြိတိန်ဘုရင်မကြီး ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်း ထုတ်ဖော်ရန် ဗြိတိန်သံရုံးသို့ သီးခြားစီ သွားရောက်ခဲ့ကြောင်း the Express Tribune မီဒီယာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required