ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေး နှင့်တွေ့ဆုံခြင်း အပိုင်း(၁)

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေး နှင့်တွေ့ဆုံခြင်း အပိုင်း(၁)

"ဥပဒေနဲ့ မညီဘူးဆိုရင်ပြောပါ မှားရင်ကျွန်တော်ပြင်ပါ့မယ်။ တောင်းပန်ရမယ်ဆိုရင်လည်း တောင်းပန်မယ်ပြီးတော့ ကျွန်တော်ပြင်ပါ့မယ်။ နောက်ဆုံးကျတော့ အမှန်တရားကပဲ အောင်မြင်သွားတာပါပဲ။"

မေး - ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌကြီး ကိုယ်တိုင် မဇ္ဈိမ မီဒီယာစတူဒီယိုကို လာပြီးတော့ ဒုတိယအကြိမ် အင်တာဗျုးလာပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ပထမဆုံးအနေနဲ့ ကျွန်တော့်အနေနဲ့ ပြောချင်တာ ကတော့  ၂၀၁၅ ရွေးကောက်ပွဲကို ရွေးကောက်ပွဲ ကော်မရှင်ကနေ အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့တဲ့ အတွက် ဝမ်းမြောက် ဝမ်းသာ congratulations ပါ ခင်ဗျ။  အဲတော့ ၂၀၁၅ ရွေးကောက်ပွဲကို ပြန်ပြီးတော့ ကြည့်တဲ့ အခါမှာ ဥက္ကဋ္ဌကြီးအနေနဲ့ ဘယ်လိုမျိုး သုံးသပ်ပါသလဲ။

ဖြေ - ၂၀၁၅ ရွေးကောက်ပွဲကြီးကို  ပြန်သုံးသပ်ရင်တော့ ကျွန်တော့်အမြင်ကတော့ အောင်မြင်တဲ့ ရွေးကောက်ပွဲလို့ပဲ ကျွန်တော်ဒီလိုပဲ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတဲ့ အခါကျတော့ ရွေးကောက်ပွဲ ကာလ တစ်လျှောက်လုံးမှာလဲ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ဖြစ်ပေါ်လာတဲ့ result ကိုလည်း ပါတီအားလုံးက လက်ခံကြတယ်။  ယနေ့အစိုးရ အပြောင်းလဲလည်း ချောချောမွေ့မွေ့ ဖြစ်နေတဲ့ အတွက်ကြောင့် ရွေးကောက်ပွဲကြီးရဲ့ လုပ်ငန်းစဉ် အားလုံး အောင်မြင်တယ်လို့ ဒီလိုပဲ  ကျွန်တော်မြင်ပါတယ်။ ကျွန်တော်က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ observer လည်း ထားထားပါတယ်။ ပြည်တွင်းကော ပြည်ပကော ဒီနှစ် observer တွေရဲ့ မှတ်ချက်တွေကလည်း ပဲ အားသာချက်တွေ များပြီးတော့ အားနည်းချက်အချို့ပဲ ဖော်ပြပါတယ်။

ထို့အတူပဲ ပြည်ပကလည်း အောင်မြင်တဲ့ ရွေးကောက်ပွဲ အဖြစ် သတ်မှတ်တဲ့ အတွက်ကြောင့် ကျွန်တော်လည်းပဲ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ကြီးက အောင်မြင်တဲ့ ရွေးကောက်ပွဲလို့ပဲ ကျွန်တော်ဒီလိုပဲ သုံးသပ်ပါတယ်။  သုံးသပ်တဲ့နေရာမှာ ကျွန်တော်က အဆင့်ပြောပါတယ်။ ဒါတွေဟာ တကယ့် တကယ်တော့ ကော်မရှင်တစ်ခုတည်းနဲ့ လုပ်လို့ မရပါဘူး။ ဒါတွေဟာကျန်တဲ့ ပါတီတွေ မီဒီယာတွေ လူထုဝိုင်းလုပ်လိုက်တဲ့ အတွက်ကြောင့် ဒါအောင်မြင်တာပါ။ ကျွန်တော်အခုနကပြောတဲ့ observer ကို အထူးသဖြင့် အာဆီယံ အဖွဲ့တွေက ရွေးကောက်ပွဲကော်မရှင် အဖွဲ့တွေလည်းခေါ်ပြီးတော့ လေ့လာ ခိုင်းပါတယ်။ လေ့လာခိုင်းတဲ့ အခါမှာ သူတို့လည်း ဒီလိုပဲ မှတ်ချက်ပြုပါတယ်။ သူတို့လည်း အားသာချက်တွေ များပါတယ်။ တည်ငြိမ်တယ်။ အေးချမ်းတယ်။ ပွင့်လင်းတယ်။ အောင်မြင်တဲ့ ရွေးကောက်ပွဲလို့ပဲ ကျွန်တော်မြင်ပါတယ်။အောင်မြင်တာလည်း လုပ်သားပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်တဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ပဲ ကျွန်တော်တို့ အသိမှတ်ပြုပါတယ်။
 မေး - ဟုတ်ကဲ့ အခုနကပြောသွားတဲ့ အထဲမှာ အားသာချက် အားနည်းချက်တွေ ရှိခဲ့တာပေါ့နော်။ အားနည်းချက်တွေက ဘယ်အရာတွေလို့ ဥက္ကဋ္ဌကြီး မြင်လဲ။
 
ဖြေ - တကယ့်တကယ် အားနည်းချက်က ပြောကြေးဆိုရင်တော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မူဘောင်တို့  လုပ်ထုံးလုပ်နည်းတို့ သိရှိမှု အားနည်းတာပါပဲ။ တကယ့်တကယ်ကတော့ ရွေးကောက်ပွဲ အကြိုကာလမှာ ရွေးကောက်ပွဲအောင်မြင်အောင် ဖြစ်ပေါ်ရေး အတွက် ပြင်ဆင်ရတာပေါ့။  ပြင်ဆင်ရတဲ့ အခါမှာ ကျွန်တော်တို့ ဘက်က ကော်မရှင်အနေနဲ့ကတော့ ဥပဒေမူဘောင်တွေကိုတော့ ကျွန်တော်တို့က အညီလုပ်ရပါတယ်။ ဒါလည်းပဲ ကော်မရှင် ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ကတည်းကိုက ဥပဒေတွေ နည်းဥပဒေတွေ ပြန်ဖတ်ပါတယ်။ ပြင်သင့်တာတွေ ပြင်ပါတယ်။ ပြီးရင် ပါတီတွေ ချပြပါတယ်။

ပါတီသဘောထားတွေ ခံယူပါတယ်။ ခံယူပြီးတော့ ပြင်သင့်တာတွေ ပြင်ပေးပါတယ်။ ဥပဒေကတော့ လွှတ်တော်က လုပ်တာပေါ့။ နည်းဥပဒေကတော့ ကျွန်တော်ပြင်ပေးတာတွေ ရှိပါတယ်။ နောက်လုပ်ငန်း လမ်းညွှန်တွေ ကျွန်တော်ပြင်ပေးတာ ရှိပါတယ်။ အဲတော့ ကျွန်တော်တို့တွေက ဒါတွေသိအောင် လုပ်သင့်လုပ်ငြားသော်လည်းပဲ တကယ့်တကယ့် ဆိုလို့ရှိရင်တော့ လုပ်သားပြည်သူပိုင်းဆိုင်ရာ ၊ ပါတီ ပိုင်းဆိုင်ရာ အထူးသဖြင့် မီဒီယာပိုင်းဆိုင်ရာ ရွေးကောက်ပွဲ မူဘောင်တွေ  ဂဃဏန မသိတဲ့ အတွက်ကြောင့် ဝေဖန်တာတွေ ပြောဆိုတာတွေက အမှန်တရားဘက်ကနေပြီးတော့ မူဘောင်နှင့်အညီ ဝေဖန်ရေးသားရင်တော့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်တာပေါ့လေ။ မူဘောင်တွေ မသိပဲနဲ့ အထင်တွေ ရေးတဲ့ အခါကျတော့ ရွေးကောက်ပွဲကော်မရှင်ကို အထင်သေးတာတွေ အများကြီး ဖြစ်ပါတယ်။ ကျွန်တော်အမြင်ကတော့ ဒါပါပဲ။ ဒါအပြစ်တင်တာ မဟုတ်ပါဘူး။

ကျွန်တော်တို့တွေက အတွေ့အကြုံနည်းတာပါပဲ။ ပြောကြေးဆိုလို့ ရှိရင် လွတ်လပ်ရေးရပြီးလုပ်ခဲ့တဲ့ ၅၅/၅၆/၆၀ ရွေးကောက်ပွဲဆိုတာလည်းပဲ ရွေးကောက်ပွဲသာဆိုတယ်။ ကျွန်တော်တို့ ဘာမှ ရွေးကောက်ပွဲ ရည်ရွယ်ချက်နဲ့ ပီပြင်တာ မရှိပါဘူး။ ဆူပူတဲ့ ကာလကြီးမှာ ရွေးကောက်ပွဲ လုပ်သွားတဲ့ အခါကျတော့ ရည်ရွယ်ချက် မြင့်မြင့်မားမား မရှိဘဲနဲ့ ထင်ရာမဲပေးပြီးတော့ ရွေးကောက်ပွဲ ပြီးခဲ့တာပါပဲ။ ၉၀ ပြည့် ရွေးကောက်ပွဲမှာလည်း ဒီလိုသေသေချာချာ စနစ်တကျ မဟုတ်ပါဘူး။ အထူးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲဆိုလည်း ဒီတိုင်းပါပဲ။ အဲတော့ပြောမယ်ဆိုရင်ပေါ့။ ရွေးကောက်ပွဲဆိုတာ ဘာလဲ။ ရွေးကောက်ပွဲကို ဘယ်လိုအောင်မြင်အောင် လုပ်ရမလဲ။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ကျွန်တော်တို့က သိပ်မသိသေးတဲ့ အခါကျတော့ ဒီအပေါ်မှာပဲ ကျွန်တော်တို့ အားနည်းတာ ဖြစ်တယ်လို့ပဲ ကျွန်တော် သုံးသပ်ပါတယ်။

ဟုတ်ကဲ့ ၂၀၁၅ ရွေးကောက်ပွဲကို လုပ်တဲ့ အခါမှာ ကိုယ်က ဦးဆောင်ပြီး လုပ်တဲ့အခါမှာ လုပ်သင့်တယ်လို့လဲ ထင်တယ်။ လုပ်လည်းလုပ်ချင်တယ်။  ဒါပေမယ့် မလုပ်ဖြစ်လိုက်တဲ့ ဟာမျိုး ရှိခဲ့လား။
ကျွန်တော်က ပြောကြေးဆိုရင်တော့ တကယ်တကယ့် ကျွန်တော် အဓိကတော့ ကော်မရှင်ပါပဲ။ ကော်မရှင်ကြီးက ကျွန်တော်တာဝန်ယူပြီး နောက်ပိုင်းမှာ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲကတော့ ငါးနှစ်တစ်ကြိမ်ဖြစ်မယ်။ ငါးနှစ်တစ်ကြိမ် ရွေးကောက်ပွဲ ကျင်းပပေးရတဲ့ ကော်မရှင်အနေနဲ့ကတော့ ဒီအဖွဲ့အစည်းဟာ ခိုင်ခိုင်မာမာ တောင့်တောင့်တင်းတင်း ရှိဖို့လိုတယ်လို့ ကျွန်တော်ဒီလိုပဲ သဘောပေါက်ပါတယ်။ အဲတော့ ကျွန်တော့်ရဲ့ အဖွဲ့စည်းကို ကြည့်တဲ့ အခါကျတော့ ကျွန်တော်တာဝန်ယူစဉ်က လူက တစ်ရာအောက်မှာပဲ ရှိပါတယ်။

တစ်ရာမကျော်ပါဘူး။ တကယ့်တကယ့် ဘာနဲ့လုပ်နေလဲဆို အများပြည်သူ လေးစားသော ပုဂ္ဂိုလ် ၆ဦးနှင့် ဌာနဆိုင်ရာ ၉ဦးနဲ့ပဲ လုပ်နေတာ။ ကော်မရှင်ရဲ့  အမာခံ သိပ်မရှိဘူးပေါ့။ အဲတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်လက်ထက်မှာတော့ ကျွန်တော်က ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့် ဖွဲ့စည်းပြီးတော့ ဒီတာဝန်ကို သူက မာမာချာချာနဲ့  တကယ့်ကို တာဝန်ယူ တာဝန်ခံပြီးတော့ ဆောင်ရွက်သွားစေချင်တဲ့ ဆန္ဒရှိပါတယ်။ ဆန္ဒရှိတဲ့ အလျောက် ကျွန်တော် ဖွဲ့စည်းပုံတင်တယ်။ အစိုးရကလည်း ခွင့်ပြုတယ်။ အဲဒီကနေ ကျွန်တော် ဆောင်ရွက်ခဲ့ပါတယ်။

သို့သော်လည်းပဲ ကျွန်တော် မဖွဲ့စည်းနိုင်ပါဘူး။ ဆိုလိုတာက ကျွန်တော်တိုင်းအဆင့်ကို ဖွဲ့စည်းနိုင်ပါတယ်။ ခရိုင်အဆင့် ဖွဲ့စည်းနိုင်ပါတယ်။ မြို့နယ်အဆင့် အခုအချိန်ထိ ကျွန်တော် မဖွဲ့စည်းနိုင်ပါဘူး။ တိုင်း၊ ခရိုင်ကလည်း တကယ့်တကယ်တော့ အစိုးရ အဖွဲ့ကို ကျွန်တော်ပြောပါတယ်။ ကျွန်တော့် ရွေးကောက်ပွဲကော်မရှင်က တောင့်တင်းခိုင်မာတဲ့ အဖွဲ့ဖြစ်ဖို့ သင့်တယ်။ ဒါကြောင့် ဖွဲ့စည်းပုံတင်တယ်။

ဒါကိုချပေးပါ။ ခွင့်ပြုလို့ရှိရင် ကျွန်တော်ဝန်ထမ်းဟောင်းတွေ ရုံးဝန်ထမ်းတွေပဲ အမာခံထား သုံးပါမယ်။ ဆိုပြီးတော့ ဘတ်ဂျတ်ကို အားနာပြီးတော့ ဒီလိုပဲ ပြောခဲ့ပါတယ်။ ပြောတဲ့ အခါကျတော့ အစိုးရ အဖွဲ့ကလည်းပဲ ခွင့်ပြုပါတယ်။ ခွင့်ပြုတဲ့ နေ့ကစပြီးတော့ ကျွန်တော်ဝန်ကြီးဌာန အားလုံး စာရေးပါတယ်။ ကော်မရှင်မှာ တာဝန်ထမ်းဆောင်ချင်သူများအားလုံး လာပြီး တာဝန်ထမ်းဆောင်ပါ။ ပုခုံးပြောင်း တာဝန်ထမ်းဆောင်ပါ။ ဒီပိုစ်တွေ ရှိပါတယ်။ ဒုတိယညွှန်ကြားရေးမှူးက ဘယ်လောက် ရှိတယ်။ ဦးစီးအရာရှိက ဘယ်လောက်ရှိတယ်လို့ ကျွန်တော် ဖိတ်ခေါ်ခဲ့ပါတယ်။

အဲတော့ ဝန်ကြီးဌာနတွေထဲကတော့ ပထမတော့ မလာပါဘူး။ ပထမဆုံးလာတော့ ကာကွယ်ရေး ဝန်ကြီး ဌာနက ပါပဲ။ နောက်ပိုင်းမှာတော့ စက်မှု ဝန်ကြီးဌာန ဖျက်တဲ့ အခါကျတော့ စက်မှုဝန်ကြီးဌာနက အများကြီး ရပါတယ်။ အဲဒီက အဖွဲ့တွေက ဘယ်အဆင့်လောက် ရောက်သွားလည်း ဆိုတော့ တိုင်းခရိုင်လောက်ပဲ ရောက်ပါတယ်။ တစ်ချို့ မြို့နယ်ကို ရောက်ပါတယ်။  ယနေ့အချိန်ထိ မြို့နယ်အဆင့်မှာ ကျွန်တော် ဖွဲ့စည်းမှု မလုပ်ရသေးပါဘူး။ ဒါ ခင်ဗျားတို့လည်း သိပါတယ်။ ဒီ  ဇန်နဝါရီလထဲမှာပဲ ဝန်ထမ်းရွေးချယ်ရေး စားမေးပွဲ စစ်ပါတယ်။ စစ်ပြီးတော့ အင်တာဗျုးလုပ်ပါတယ်။

အောင်စာရင်းထုတ်ပါမယ်။ ထုတ်ပြီးရင် ဖောင်ကြီးသင်တန်းတက်ပါမယ်။ ဖောင်ကြီးသင်တန်းတက်ပြီးမှ ကျွန်တော်ဆီ Positoion ချပါမယ်။ အဲတော့ဆိုလိုတာက ဖြစ်သင့်ပါလျှက် မဖြစ်တဲ့ လုပ်ငန်း ကတော့ ကျွန်တော့်ရဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဖွဲ့စည်းမှုဟာ အခုနကပြောသလို တိုင်းအဆင့်ရှိတယ်။ ခရိုင်အဆင့်ရှိတယ်။ မြို့နယ်အဆင့်မပြီးသေးပါဘူး။ ပိုဆိုးတာက ရပ်ကွက်နှင့်ကျေးရွာအုပ်စု အခြေနေပိုဆိုးပါတယ်။ တကယ့်တကယ်ကတော့ အခုနကပြောသလိုပဲ အောက်ခြေတွေက ခိုင်မာနေဖို့ လိုပါတယ်။ အောက်ခြေမခိုင်မာတဲ့ အခါကျတော့ ရပ်ကျေးမှာရှိတဲ့ ကော်မရှင် အဖွဲ့ခွဲတွေရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဗဟုသုတ အတွေ့အကြုံ အသိပညာမရှိဘူး။ မြို့နယ်အဆင့်မှာ အားနည်းတယ် ဆိုတဲ့ အခါကျတော့ ကျွန်တော်တို့က ရွေးကောက်ပွဲ အကောင်ထည်ဖော်တဲ့ အခါကျတော့ တကယ့်တကယ်တော့ အောက်ခြေမှာ တော်တော်အားနည်းတဲ့ အတွက်ကြောင့် အဲမှာပဲ ချို့ယွင်းချက်တွေ ဖြစ်သွားတာပါ။အောက်ခြေမှာ စေတနာဝန်ထမ်း သူတို့ကို အားကိုးပြီးတော့ လုပ်ရတဲ့ အနေထားပေါ့ အဲလို။အားလုံးကတော့ အောက်ခြေမှာ စေတနာဝန်ထမ်းကို အားကိုးရပါတယ်။

တကယ့်တကယ့် အောက်ခြေက Step  ကတော့ တစ်ယောက်နှစ်ယောက်ပါပဲ။ မာမာချာချာ ရှိဖို့ပေါ့လေ။ ကျွန်တော်တို့က မြို့နယ်အဆင့်မှာဆို ၆ယောက်လောက်ပဲ ရှိပါတယ်။ ဖွဲ့စည်းပုံတင်ထားတာက ၇၅% ပဲ ခန့်ခွင့်ရှိတယ်ဆိုတော့ ၄ယောက်လောက်ပဲ ခန့်ခွင့်ရှိပါတယ်။ အဲလူက မာမာချာချာနဲ့ လုပ်ပေးနိုင်ရင်တော့ မဆိုးပါဘူး။ အဲလိုလုပ်မယ့်သူက မရှိတာ တော်တော်ဂွကျတယ်။ အဲတော့ ခင်ဗျား ဘာနဲ့လုပ်နေလဲ မေးလို့ရှိရင် အများပြည်သူ လေးစားသော ပုဂ္ဂိုလ် ၆ဦးနဲ့ ဌာနဆိုင်ရာ ၉ဦးနဲ့ လုပ်ပါတယ်။ အများပြည်သူ လေးစားသော ပုဂ္ဂိုလ်က လုပ်ချင်သောလည်းပဲ အာဏာမရှိပါဘူး။

သူလုပ်ချင်တာ အကောင်ထည်ဖော်လို့ မရပါဘူး။ ဌာနဆိုင်ရာ ၉ဦးကလည်း အာဏာတော့ ရှိတယ်။ သူကလည်း ကော်မရှင်ဆိုင်ရာကို စိတ်မဝင်စားပဲနဲ့ ဌာနဆိုင်ရာကို ဦးစားပေးတော့ ကော်မရှင်ရဲ့ Role  ကပျောက်သွားတယ်။ ပျောက်သွားတဲ့ အတွက်ကြောင့် ရွေးကောက်ပွဲ အောက်ခြေမှာ အားနည်းတယ်။ ဟာ ခင်ဗျား အားနည်းတယ်ပြောတာ ရွေးကောက်ပွဲအောင်မြင်စွာပြီးသွားပါလား။ ဘာကြောင့်လဲလို့ ခင်ဗျာတို့ပြောမယ်။ ဒါကိုကျွန်တော်က သဘောပေါက်ခဲ့တယ်။ သဘောပေါက်ခဲ့တဲ့ အခါကျတော့ ကျွန်တော်ဘာနဲ့ သွားလဲဆိုတော့ အောက်ခြေဖွဲ့စည်းမှုကို ကျွန်တော်က Weak  ဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်ဘာနဲ့ သွားလဲဆိုတော့ training  နဲ့သွားတယ်။  ပြင်းထန်တဲ့ training နဲ့သွားတယ်။

ပြီးပြည့်စုံတဲ့ training ဖြစ်အောင် ဗီနှိုင်းတွေ၊ ပန်ပဖလပ်တွေ၊ လက်စွဲစာစောင်တွေ၊ ဒါတွေကျွန်တော်ပေးပြီးတော့ ကြိုပြီးတော့ဖတ် ပြီးရင် သင်တန်းတွေပေး ဒီလိုနဲ့ ကျွန်တော်သွားလိုက်တာပါ။ အဲအတွက်ကြောင့် လက်ပူတိုက် လွှတ်လိုက်တဲ့ အခါကျတော့ နီးကပ်ပြီးတော့ တစ်ပါတ်လောက်အလိုမှ လုပ်လိုက်တဲ့အခါကျတော့ ဒါလေးက နည်းနည်းအောင်မြင်သွားတာ။ ပြည့်ပြည့်ဝဝနဲ့ လုပ်သွားတာ မဟုတ်ဘူး။  အနီးကပ် training နဲ့လုပ်လို့ပဲ ရွေးကောက်ပွဲဟာ ချောချောမောမောဖြစ်သွားတာပါ။ ဒါတောင် အားနည်းချက်တွေ အများကြီး ရှိပါတယ်။ သို့သော်လည်း အခုနပြောသလို လုပ်မဖြစ်လောက်တဲ့ အားနည်းချက်တော့ မဟုတ်ပါဘူး။

မေး - ဟုတ်ကဲ့ ဥက္ကဋ္ဌကြီးပြောသွားတဲ့ အထဲမှာလည်း ပါတယ်လေ။ ဒီရွေးကောက်ပွဲ ကော်မရှင်ကို ရွေးကောက်ပွဲကာလအတွင်းမှာ ယုံကြည်မှုပေါ့နော်။ အားနည်းတယ်ဆိုတဲ့ အချက်ပေါ့နော်။ အထူးသဖြင့် မီဒီယာတွေက သံသယနဲ့ကြည့်တယ်ဆိုတဲ့ အချက် အဲဒီ ယုံကြည်မှု တစ်ဖက်မှာလည်း ကော်မရှင်ထဲမှာ ဝင်လုပ်ရတဲ့သူတွေက လက်ရှိအစိုးရက ထွက်လာတဲ့သူတွေ ကာကွယ်ရေး တပ်မတော် ဘက်ကနေ အငြိမ်းစားယူပြီးတော့  ထွက်လာတဲ့သူတွေ ပါတဲ့ အခါကျတော့ အဲဒီအခက်ခဲကို ဥက္ကဋ္ဌကြီးဘယ်လို ကျော်ဖြတ်လဲ။ ယုံကြည်မှု ရလာအောင် ဘယ်လိုကျော်ဖြတ်လဲ။

ဖြေ - တကယ်တော့ ယုံကြည်မှုဆိုတာ လုပ်ရပ်ပေါ်မှာပဲ ကျွန်တော်တို့က ကောက်ချက်ချရတာပေါ့။ ဒီလိုလုပ်တာ မူနဲ့မကိုက်ဘူး။ ဥပဒေနဲ့ မကိုက်ဘူး။ ဘက်လိုက်တယ် ဒါကြောင့်မယုံကြည်ဘူး။ ဆိုပြီးတော့ လုပ်ရပ်ပေါ်မှာပဲ ဆုံးဖြတ်ရတာ။ ပုဂ္ဂိုလ်ပေါ်မှာလည်း ဆုံးဖြတ်လို့ မသင့်ဘူးလို့ ထင်ပါတယ်။ တပ်မတော်ကလာတဲ့ ပုဂ္ဂိုလ်ကြောင့် ဒီလူကြီးက ညစ်မယ်လို့ တွေးထားတာကတော့ ဒါက ယုံကြည်မှုကို ဆုံးဖြတ်တဲ့ နေရာမှာ မှားယွင်းဆုံးဖြတ်မှု ဖြစ်သွားနိုင်တယ်။ အဲတာကြောင့် ကျွန်တော်တို့တော့ ယုံကြည်မှု ဆုံးဖြတ်တဲ့ နေရာမှာ လုပ်ရပ်နဲ့ပဲ ဆုံးဖြတ်စေချင်ပါတယ်။ လုပ်ရပ်နဲ့ဆုံးဖြတ်တာက မှန်တယ်။ ကျွန်တော်ဆိုရင် လူတစ်ယောက်ကို ဘယ်တော့မှ ယုံကြည်တယ်လည်း မဟုတ်ဘူး မယုံကြည်ဘူးလည်း မဟုတ်ဘူး။ လုပ်ရပ်ကိုကြည့်ပြီးတော့ ဒီလူကောင်းတယ်။

ဒီလူဆိုးတယ်။ ကောင်းတာကလည်း ထာဝရကောင်းမယ်လို့ ကျွန်တော်မထင်ဘူး။ လူဆိုတဲ့ သဘောတရားတော့ ရှိမှာပဲ။ သို့သော်လည်း ကောင်းတာတွေ များတဲ့အခါကျတော့ လူကောင်းလို့ အသိမှတ်ပြုပါတယ်။ အဲတော့ ဒီလိုအသိမှတ်ပြုလာလို့ရှိရင်သူက သူ့ကိုယ်သူတော့ ထိန်းထားပေါ့လေ။ ကျွန်တော်တို့တော့ လူတွေကို ဒီလိုပဲ အကဲဖြတ်ပါတယ်။ ခက်တာက ယုံကြည်မှုရှိတယ် မရှိဘူးဆိုတာက ကျွန်တော့်ရဲ့ ကာလတစ်လျောက်မှာ လုပ်ရပ်ပေါ်မှာ သူတို့က ကောက်ချက်ချတာ မဟုတ်ဘဲနဲ့ လူပုဂ္ဂိုလ်ပေါ်မှာ စစ်ဦးစီးချုပ်ကြီး ဖြစ်ခဲ့တယ်။ ဒါကြောင့် ဒီလူကြီးက ညစ်မယ်။ ကြံ့ခိုင်ရေး ပါတီဝင်ဖြစ်ခဲ့တယ်။ ဒါကြောင့်ညစ်မယ်ဆိုပြီးတော့ ဒီကောက်ချက်နဲ့ လုပ်လိုက်တဲ့ အခါကျတော့ Impact  ကတော်တော်ဆိုးပါတယ်။

လူပုဂ္ဂိုလ် လုပ်လိုက်တဲ့ အတွက်ကြောင့် လူပုဂ္ဂိုလ် ထိခိုက်သွားတာ ပြဿနာ မရှိပါဘူး။ သို့သော်လည်း အဖွဲ့စည်းကို သွားထိခိုက်တဲ့ အခါကျတော့ ဒီအဖွဲ့စည်းကလည်း တော်တော်အရေးကြီးတဲ့ အဖွဲ့စည်းဖြစ်တဲ့ခါကြတော့ ဒီလုပ်ရပ်ကြီးပေါ်မှာ မယုံကြည်ဖြစ်နေရင် အခက်ခဲရှိပါတယ်။ ဒါတွေလည်းပဲ နိုင်ငံခြား သံအမတ်ကြီးတွေလည်း ကျွန်တော်ကိုပြောဖူးပါတယ်။ မင်းကိုတိုက်ခိုက်နေတယ်။

မင်းပြန်ပြီးချေပပါ။ ဒို့မှာ သတင်းဌာနတွေရှိပါတယ်။ အဲဒီကနေ မင်းရေးပါ မင်းချေပပါ။ ကျွန်တော်က ပြောလိုက်ပါတယ်။ ကိစ္စမရှိပါဘူး။ ကျွန်တော်မချေပပါဘူး။ ကျွန်တော်က အမှန်တရားကို ကျွန်တော်ယုံယုံကြည်ကြည်နဲ့ သွားနေတာပါ။ ဘာနဲ့ကျွန်တော်တိုင်းတာချင်လည်း ဥပဒေနဲ့ တိုင်းတာပါ။ ဥပဒေက မှားရင် ထောက်ပြပါ။ ဥပဒေကမှားရင် ထောက်ပြပါ။ မှားရင် ကျွန်တော်တောင်းပန် ပါမယ်။ သူဥပဒေ မသိလို့ပြောတာ ကျွန်တော်လည်း မတတ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ကို လုပ်ရပ်ကို မူတည်ပြီးတော့ ဝေဖန်နေတာ မဟုတ်ဘူး။ ပုဂ္ဂိုလ်ပေါ်မှာ ဝေဖန်တာ ဖြစ်တဲ့ အတွက်ကြောင့် ချေပရင်လည်း ချေပတာပဲ အဖတ်တင်မယ်။ အဲတော့ ပြန်ပြောမယ်ဆိုရင်တော့ ယုံကြည်မှုဆိုတာ လုပ်ရပ်ပေါ်မှာတိုင်းတာဖို့ လိုပါတယ်။ အဲတော့ ကျွန်တော်တို့တော့ ဘာပဲပြောပြော အခုဟာလည်း ရွေးကောက်ပွဲကြီး တကယ့်ကို အောင်မြင်သွားတာလဲ ကျွန်တော်ကတော့ ဘယ်သူတွေ ဘာပြောပြော အမှန်တရားကိုပဲ ရပ်တည်သွားပြီးတော့ ဥပဒေမူဘောင်နဲ့ နောက်ဆုံး အခြေနေထိ ပြောပါတယ်။ ကျွန်တော့်ကိုတိုင်းတာပါ။ ဥပဒေနဲ့ မညီဘူးဆိုရင်ပြောပါ မှားရင်ကျွန်တော်ပြင်ပါ့မယ်။ တောင်းပန်ရမယ်ဆိုရင်လည်း တောင်းပန်ပြီးတော့ ကျွန်တော်ပြင်ပါ့မယ်။ နောက်ဆုံး ကျတော့ အမှန်တရားကပဲ အောင်မြင်သွားတာပါပဲ။

အခုဆိုရင် ရွေးကောက်ပွဲလုပ်ပြီးတာ သုံးလကျော်သွားပြီးပေါ့နော်။ အဲတော့ အခုချိန်ကတေ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ နောက်ထပ်ဘာတွေလုပ်ဖို့ စီစဉ်ထားလဲ။ ဘာတွေလုပ်သင့်လဲပေါ့။
ကျွန်တော်တို့ကတော့ ရွေးကောက်ပွဲ စက်ဝန်းကြီးအတိုင်းပါပဲ။ ရွေးကောက်ပွဲပြီးရင်တော့ ကျွန်တော်တို့ ပြန်သုံးသပ်ရမှာပေါ့။ သူ့စက်ဝန်းတိုင်းပဲ ကျွန်တော်ပြင်ဆင်ရမှာပေါ့။ ပြင်ဆင်တာတွေ ကျွန်တော်တို့ လုပ်ရပါ့မယ်။ အဲတော့ ဒါတွေကလည်း အများကြီး အရေးကြီးပါတယ်။ ကျွန်တော်တို့လည်းပဲ ရွေးကောက်ပွဲ ပြီးတဲ့နေ့ကစပြီးတော့ ၂၀၂၀ အကောင်းဆုံးဖြစ်အောင် ဒို့ပြင်ဆင်ရမယ်။

ဒီလိုပြင်ဆင်တဲ့နေရာမှာ ပြီးခဲ့တဲ့ဟာတွေမှာ ဘာတွေအားနည်းလည်း သုံးသပ်ရမယ်။  အားနည်းတာ သုံးသပ်ပြီးတော့ အားသာအောင် ဘယ်လိုလုပ်ရမလဲ။ ကျွန်တော်ကတော့ ဒီလိုပဲ သုံးသပ်ခိုင်းပါတယ်။ ဘယ်အရာတွေ အားသာလဲ ဒါတွေကို ရှင်သန်အောင် ဘယ်လိုလုပ်မလဲ။ ထိန်းသိမ်းမလဲ။ ဒီထက်ပိုကောင်းအောင် ဘယ်လိုလုပ်မလဲ။ ဆိုလိုတာကတော့ ၂၀၂၀ ရွေးကောက်ပွဲဟာ မလွဲမသွေ လုပ်ရမှာပဲ။ ဒါကြောင့်မို့ မနေ့က သတင်းစာတွေမှာလဲ တွေ့မှာပါ။ ၂၀၂၀ ကျလို့ရှိရင် အကောင်းဆုံး ရွေးကောက်ပွဲ ဖြစ်အောင် အခုကတည်းက ပြင်ဆင်ကြပါ။ ဘာကြောင့်လဲဆိုတော့ ငါးနှစ်တစ်ကြိမ် ရွေးကောက်ပွဲက လုပ်နေရမှာ ရွေးကောက်ပွဲဆိုတာလည်း တိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ လုပ်ငန်းကြီး ဖြစ်တဲ့အတွက်ကြောင့် ၂၀၁၅ ရွေးကောက်ပွဲပြီးရင် ဘာလုပ်ရမလဲ မေးရင်တော့ ၂၀၂၀ အတွက် လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ၂၀၁၅ ကို သုံးသပ်ပြီးတော့ ၂၀၂၀ မှာ အကောင်းဆုံးဖြစ်အောင် အားသာတာ ထိန်းသိမ်း အားနည်းတာ ပြင်ပြီးတော့ ဆောင်ရွက် သွားဖို့ပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly