ကမ္ဘာ့နိုင်ငံများက တရုတ်မှ ပစ္စည်းဝယ်ယူမှု ရပ်ဆိုင်းလိုက်ချိန်တွင် အိန္ဒိယအတွက် အခွင့်အရေးကောင်း ရလာကြောင်း WTO ညွှန်ကြားရေးမှူးပြော

ကမ္ဘာ့နိုင်ငံများက တရုတ်မှ ပစ္စည်းဝယ်ယူမှု ရပ်ဆိုင်းလိုက်ချိန်တွင် အိန္ဒိယအတွက် အခွင့်အရေးကောင်း ရလာကြောင်း WTO ညွှန်ကြားရေးမှူးပြော

အိန္ဒိယအနေဖြင့် ကုန်ထုတ်လုပ်မှုတွင် ကောင်းမွန်သည့် အနေအထားကောင်းတစ်ခုသို့ ရောက်ရှိလာကာ တရုတ်အပါအဝင် တောင်အာရှနိုင်ငံများထက် သာလွန်သွားပြီ ဖြစ်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ညွှန်ကြားရေးမှူး ရှီရှာပရီယာဒါရှီက ပြောကြားသည်။ 

ကမ္ဘာ့နိုင်ငံအများစုအနေဖြင့် ကုန်ပစ္စည်း ဝယ်ယူရရှိမှုအပေါ် စိုးရိမ်နေချိန်တွင် နိုင်ငံတစ်နိုင်ငံတည်းအပေါ်တွင် မှီခိုနေမည်မဟုတ်ကြောင်းလည်း ၎င်းက ပြောကြားသည်။ 

“အခုအခါမှာ အခြေခံလိုအပ်ချက်တွေ မရရှိမှာ စိုးရိမ်လာကြတာကြောင့် နိုင်ငံအများစုက  တစ်နိုင်ငံတည်း အပေါ်မှာ  မမှီခိုချင်ကြတော့ပါဘူး။ ဒါကြောင့် တရုတ်ဆီကနေပဲ အဓိက ဝယ်ယူနေတဲ့ နိုင်ငံတွေက အခြားနိုင်ငံတွေဆီကို ပြောင်းပြီး ဝယ်လာကြပါတယ်” ဟု ရှီရှာပရီယာဒါရှီက ANI သတင်းဌာနသို့ ပြောကြားသည်။

“ဒီလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ အိန္ဒိယမှာ ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ရှိနေတယ်လို့ ထင်ပါတယ်။ အိန္ဒိယမှာ ယှဉ်ပြိုင်နိုင်ပြီး အဆင့်မြင့် နည်းပညာရှိနေတာကြောင့် အိန္ဒိယမှာ လွယ်ကူပြီး အကုန်အကျသက်သာတဲ့ စီးပွားရေး လုပ်ငန်းမျိုးကို ကူညီပေးနိုင်ရင် အဆင်ပြေနိုင်ပါတယ်” ဟုလည်း ၎င်းက ပြောကြားသည်။ 

“ကမ္ဘာ့ ထုတ်လုပ်ဖြန့်ဖြူးမှု ကွင်းဆက်နဲ့ နှေးနှေးပဲ ချိတ်ဆက်မလား၊ မြန်မြန်ဆန်ဆန်သွားမလား။ ‘အိန္ဒိယတွင် ပြုလုပ်သည်’ သို့မဟုတ် ‘ကမ္ဘာအတွက် ထုတ်လုပ်သည်’ ဆိုတာကို ရှင်းလင်းပြတ်သားအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” ဟု WTO ညွှန်ကြားရေးမှူး ရှီရှာပရီယာဒါရှီက ပြောကြားသည်။
 
အမေရိကန် ဦးဆောင်သည့် Indo-Pacific Economic Framework (IPEF) ဖိုရမ်၏ ကုန်သွယ်ရေးဆိုင်ကဏ္ဍတွင် အိန္ဒိယနိုင်ငံက မပါဝင်ခဲ့ခြင်းနှင့် ပတ်သက်၍  အိန္ဒိယအနေဖြင့် အခြားနိုင်ငံများနှင့် မဟာဗျူဟာမြောက် မိတ်ဘက်ဆက်ဆံနိုင်ရန် ယင်းအဖွဲ့တွင် ဆက်လက်ရှိနေသင့်ခဲ့ကြောင်းလည်း ၎င်းက သုံးသပ်ခဲ့သည်။ 

 “အိန္ဒိယအနေနဲ့ ဒီဖိုရမ်ရဲ့ ကဏ္ဍတစ်ခုမှာ မပါဝင်ခဲ့ပါဘူး။ တကယ်တော့ ဆွေးနွေးမှုတွေ လုပ်ဆောင်သင့်ပါတယ်။ ဒါပေမယ့် သီးခြား ထုတ်ပြန်ချက်ထဲမှာတော့  ကုန်သွယ်ရေးကဏ္ဍကို နောက်ပိုင်းမှာ ပါဝင်နိုင်ဖို့ အခြေအနေရှိတယ်ဆိုတာ တွေ့ရပါတယ်။ ဒီဖိုရမ်ထဲက နိုင်ငံတွေနဲ့ မဟာဗျူဟာ မိတ်ဖက်ဖြစ်နေမယ်ဆိုရင် အိန္ဒိယအတွက် ကောင်းပါလိမ့်မယ်” ဟု လည်း ရှီရှာပရီယာဒါရှီက သုံးသပ်ခဲ့သည်။ 

 ယခုနှစ် မေလအတွင်းက ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြုလုပ်ခဲသည့် Quad Summit ထိပ်သီးဆွေးနွေးပွဲ၏ ဆက်စပ် အစည်းအဝေးများတွင် အမေရိကန်နှင့် အင်ဒို-ပစိဖိတ်ဒေသ မိတ်ဘက်နိုင်ငံများက  IPEF ကို ပူးပေါင်း ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖိုရမ်တွင် ထုတ်လုပ်ရောင်းချရေး ကွင်းဆက်၊ အခွန်အကောက်နှင့် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးနှင့် သန့်ရှင်းသောစွမ်းအင်ကဏ္ဍတို့နှင့် ဆက်စပ်သည့် ကဏ္ဍ ၃ ရပ်တွင် ပါဝင်ရန် အိန္ဒိယက ဆုံးဖြတ်ခဲ့သော်လည်း ကုန်သွယ်ရေးကဏ္ဍအတွက် ပါဝင်ရန် ငြင်းဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly