ပါကစ္စတန်တွင် ပျောက်ဆုံးနေသူများကို ၂ လအတွင်း ပြန်ရှာတွေ့နိုင်ရေး လုပ်ဆောင်သွားရန် အစိုးရကို တရားရုံးက ညွှန်ကြား

ပါကစ္စတန်တွင် ပျောက်ဆုံးနေသူများကို ၂ လအတွင်း ပြန်ရှာတွေ့နိုင်ရေး လုပ်ဆောင်သွားရန် အစိုးရကို တရားရုံးက ညွှန်ကြား

ပါကစ္စတန်နိုင်ငံတွင် ပျောက်ဆုံးနေသော လူပုဂ္ဂိုလ်များကို ပြန်ရှာတွေ့နိုင်ရေး လိုအပ်သည့် အစီအမံ လုပ်ဆောင်ချက်များ လုပ်ဆောင်ရန် အစ္စလမ်မာဘတ် တရားရုံးချုပ်က အစိုးရကို အချိန် ၂လ ပေးလိုက်ကြောင်း သတင်းမီဒီယာများက ဖော်ပြသည်။

ထို့ပြင် အဆိုပါကိစ္စနှင့် ပတ်သက်ပြီး စိတ်အားထက်သန်မှု ကင်းမဲ့ခြင်းအတွက် အစိုးရကို တရားရုံးချုပ်က ဝေဖန်ခဲ့သည်။

လက်အောက်ခံ ဌာနအဖွဲ့အစည်းများကို ထိန်းချုပ်နိုင်ခြင်း မရှိပါက အစိုးရအဖွဲ့အနေဖြင့် နှုတ်ထွက် ပေးသင့်သည်ဟု အစ္စလမ်မာဘတ် တရားရုံးချုပ် တရားသူကြီး အက်သာ မီနယ်လာက စက်တင်ဘာ ၉ ရက်တွင် ပြောခဲ့သည်ဟု The Express Tribune က ဖော်ပြသည်။

 ပျောက်ဆုံးလူပုဂ္ဂိုလ်များ အရေးကိစ္စက ကြီးလေးသည့် ကိစ္စရပ်တစ်ခု ဖြစ်သည်ဟု ကြားနာမှုအတွင်း တရားသူကြီး မီနယ်လာက ပြောခဲ့သလို ဝန်ကြီးချုပ်ကို တရားရုံးသို့ ဆင့်ခေါ်ခဲ့သည့် အကြောင်းရင်းကိုလည်း ရှင်းပြခဲ့သည်။

နိုင်ငံတွင် ဂျာနယ်လစ်တစ်ဦးဖြစ်သော မူဒက်ဆာ နာရို အပါအဝင် ပျောက်ဆုံးနေသူ ၆ ဦးကို စက်တင်ဘာလအစောပိုင်း မတိုင်မီ ပြန်ရှာပြီး တရားရုံးသို့ ခေါ်ဆောင်လာရန်  တရားရုံးက ပြီးခဲ့သည့် ဇူလိုင်လအစောပိုင်းက လက်ရှိအစိုးရကို ညွှန်ကြားခဲ့သည်။   လုပ်ဆောင်နိုင်ခြင်းမရှိပါက ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ်ရှာရစ်အနေဖြင့် လာမည့်ကြားနာမှုတွင် တရားရုံးသို့ လူကိုယ်တိုင် လာရောက်ရှင်းချက်ထုတ်ရလိမ့်မည် ဖြစ်ကြောင်း တရားရုံးက သတိပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required