စက်တင်ဘာလ ၁၆ ရက်
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် ပလိပ်ချည်မျှင်နှင့်အထည်စက်ရုံက အလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေး ဆိုးရွားစွာ ချိုးဖောက်ခံနေရပါတယ်။
အလုပ်ချိန် ရှစ်နာရီ မကဘဲ မနက်ဆိုင်းဆိုရင် မနက် ၇နာရီကနေ ညပိုင်း ၇နာရီအထိ၊ ညဆိုင်းဆိုရင်လည်း ည ၇နာရီကနေ မနက် ၇ နာရီအထိ အလုပ်ချိန် စုစုပေါင်း ၁၂ နာရီအထိ လုပ်ရတဲ့အပြင် လုပ်သက်ခွင့်၊ ဆေးခွင့်များလည်း မရရှိပါဘူး။ အလုပ်ချိန် ရှစ်နာရီကျော်ရင်လည်း အချိန်ပိုကြေး ပေးတာမျိုး မရှိပါဘူး။
အလုပ်ချိန်ကို ၁၂နာရီ သတ်မှတ်ထားပါတယ်။အထက်လူကြီးတွေနဲ့ အဆင်ပြေသူတွေကို အလုပ်ချိန် ရှစ်နာရီလုပ်ရတဲ့ နေရာတွေကို ပို့ပေးထားပါတယ်။ ကျန်အလုပ်သမားတွေကိုတော့ အလုပ်ချိန်ကို ၁၂နာရီအထိ သတ်မှတ်ထားတာပါ။
ဒါ့အပြင် လုပ်ခလစာနည်းပါးပြီး အခြေခံလစာပင်ရရှိခြင်းမရှိဘဲ အမြဲတမ်းဝန်ထမ်း မခန့်အပ်ပါဘူး။ အမြဲတမ်းဝန်ထမ်းတွေကို အပြစ်အမျိုးမျိုးရှာ အလုပ်ဖြုတ်ပြစ်တာတွေ လုပ်လေ့ရှိပါတယ်။ နေ့စားသမား များများခန့်ပြီး ပိတ်ရက်တွေအတွက် လစာမပေးတဲ့ အခြေအနေမျိုးပါ။
အခုလို လုပ်ငန်းရှားပါးချိန်မှာ အလုပ်သမားတွေအတွက် မတရားလုပ်မှန်းသိပေမယ့် ကြိတ်မှိတ်ကာ လုပ်ကိုင်နေကြရတာဖြစ်ပါတယ်။
အရင် အစိုးရလက်ထက်မှာတောင် ဝန်ထမ်းတွေကို အကြောင်းအမျိုးမျိုးရှာပြီး အလုပ်ထုတ်ပြစ်လေ့ရှိပါတယ်။ စက်ရုံထဲမှာ နွေရာသီဆို အအေးပေးစက်တွေ ဖွင့်ခွင့်မပေးဘဲ ပူလောင်တဲ့ဒဏ်ကိုခံကြရပြီး လုပ်ကိုင်ကြရတာပါ။ တိုင်တန်းမှုတွေရှိလာရင် လာစစ်တာမျိုးရှိပါတယ်။ ဒီလိုလာစစ်တဲ့အခါမှာ လာစစ်တဲ့ အချိန်မှာပဲ အအေးပေးစက်ဖွင့်ထားပေးတာမျိုး လုပ်ပေးတာဖြစ်ပါတယ်။
စက်ရုံကို အရင်အစိုးရလက်ထက် မတိုင်ခင် ကတည်းက ပုဂ္ဂလိကကုမ္ပဏီတစ်ခုက လွှဲပြောင်းရယူထားပါတယ်။ စက်ရုံနာမည်ကို Panda Textile လို့ပြောင်းလဲအမည်ပေးထားပါတယ်။ ပိုင်ရှင်က တရုတ်လူမျိုးဖြစ်ပါတယ်။
စက်ရုံကို အစိုးရနဲ့ နှစ် ၃ဝ စာချုပ်ချုပ်ဆိုခဲ့ပေမယ့် စက်ရုံကိုသာ ငှားရမ်းခဲ့ပြီး ဝန်ထမ်းအိမ်ယာတွေတော့ ပါဝင်ခြင်းမရှိခဲ့ပါဘူး။ ဝန်ထမ်းအိမ်ယာတွေက ပလိပ်စက်ရုံမှာ အစိုးရလက်ထက်က သက်ပြည့်ပင်စင်ယူခဲ့ကြတဲ့ ဝန်ထမ်းတွေနေထိုင်ခဲ့ကြတာပါ။
အစိုးရကလည်း ပင်စင်စားတွေ နေထိုင်တဲ့အတွက် နေထိုင်ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ပန်ဒါစက်ရုံက စက်ရုံကိုသာ စာချုပ်ချုပ်ဆိုခဲ့ပေမယ့် ပင်စင်စားတွေကို ဝန်ထမ်းအိမ်ယာတွေကနေ မကြာခဏ နှင်ချရန်ပြု လုပ်ခဲ့ကြတာမျိုး ရှိနေပါတယ်။
အရင်အစိုးရ လက်ထက်တုန်းက လုပ်ခွင့်မသာခဲ့ပေမယ့် အခုအချိန်မှာ လုပ်ခွင့်သာတဲ့ အခြေအနေတွေကို ပြုလုပ်လာပါတယ်။ စစ်တပ်ကိုခေါ်ပြီး အိမ်ခန်းတွေကို ဩဂုတ်လ ၂၂ရက်နေကနေ ဩဂုတ်လ ၂၄ရက်နေ့ အထိပဲ နေထိုင်ခွင့်ပြုမယ်ဆိုပြီး သုံးရက်အတွင်း ဖယ်ရှားခိုင်းထားပါတယ်။
ပြောင်းရွှေ့ပေးဖို့အတွက် ပြောင်းရွှေ့စာတွေကို လည်း ဩဂုတ်လ ၂၁ရက်နေ့က စစ်ကောင်စီတပ်သားတွေကို လိုက်ဝေခိုင်းပါတယ်။
ဒီလိုလုပ်ဖို့အတွက် အဓိက ဖိအားပေးသူတွေက တရုတ်ပိုင်ရှင်တွေကို မျက်နှာလုပ်ပြီး အလုပ်သမားတွေကို ဂုတ်သွေးစုပ်နေတဲ့ စက်ရုံပိုင်ရှင်ပြီးရင် အကြီးဆုံးဖြစ်တဲ့ မြန်မာလူမျိုး ဒေါ်တင်တင်ရွှေဆိုတဲ့ အမျိုးသမီးဖြစ်ပါ။
နောက်တစ်ယောက်က အလုပ်သမားတွေအပေါ် ဆိုးရွားစွာဆက်ဆံပြီး ပင်စင်စားတွေကို ဝန်ထမ်းအိမ်ယာတွေမှာ နေထိုင်ကြတာကို မုန်းတီးနေသူတစ်ယောက်ဖြစ်တဲ့ ညိုမီလှိုင်ဆိုတဲ့ အမျိုးသမီးဖြစ်ပါတယ်။
တရုတ်လက်ကိုင်တုတ် အမျိုးသမီးနှစ်ယောက်ပေါင်းပြီး စစ်တပ်ခေါ်ပြီး ပင်စင်စားတွေကို ဝန်ထမ်းအိမ်ယာတွေကနေ နှင်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။
အခုလို ခက်ခဲနေတဲ့အချိန်မှာ အချိန် သုံးရက်ပဲပေးပြီး ဖယ်ရှားခိုင်းတဲ့အတွက် ပင်စင်စားတွေဟာ အတိဒုက္ခရောက်ခဲ့ရပါတယ်။ ပလိပ်စက်ရုံက အလုပ်သမားတွေ၊ ပင်စင်စားတွေ နေထိုင်တဲ့ ဝန်ထမ်းအိမ်ယာတွေကနေ ဖယ်ရှားခြင်းတွေကို မိဘပြည်သူတွေကို သိစေချင်တဲ့အတွက် အခုလိုရေးသားလိုက်ရပါတယ်။
အခုလိုအချိန်မျိုးမှာ အများပြည်သူ အတိဒုက္ခရောက်အောင် အဓိကကြံစည် ကြိုးစားခဲ့သူ နှစ်ယောက်ကိုလည်း လူအများအား သိစေချင်ပါတယ်။ အခုလို ပလိပ်စက်ရုံက ဝန်ထမ်းတွေ အလုပ်သမားအခွင့်အရေးဆိုးရွားစွာ ချိုးဖောက်ခံရမှုနဲ့ ဝန်ထမ်းအိမ်ယာတွေကနေ အင်အားသုံးဖယ်ရှားမှုတွေမှာ ဒေါ်တင်တင်ရွှေနဲ့ ဒေါ်ညိုမီလှိုင်တို့က အဓိက အတင်းအဓမ္မပြုလုပ်ခဲ့တာတွေဖြစ်ပါတယ်။
အခုလိုအချိန်မှာ တခြားသတင်းတွေက ပိုအရေးကြီးမှန်းသိပေမယ့် ပလိပ်စက်ရုံမှာ လူမသိ၊သူမသိ အလုပ်သမားတွအပေါ် အကြိမ်ကြိမ်ယုတ်မာနေတာတွေကို သိစေချင်သည့်အတွက် မဇ္ဈိမရဲ့အယ်ဒီတာထံပေးစာ ကတဆင့် ရေးသားပေးပို့လိုက်ရပါတယ်။
ပြည်သူတစ်ဦး