ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာ ၅မိုင်တိုးဂိတ်အနီးတိုက်ပွဲတွင် PDFရဲဘော် ၂ဦးကျဆုံး

By လွှမ်းမိုး
15 September 2022
ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာ ၅မိုင်တိုးဂိတ်အနီးတိုက်ပွဲတွင် PDFရဲဘော် ၂ဦးကျဆုံး

September 15

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း ၊ယင်းမာပင်မြို့နယ် ၊ဘန့်ဘွေးကျေးရွာ မုံရွာ-ယာကြီး လမ်းမ ငါးမိုင်တိုးဂိတ် အနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ယမန်နေ့စက်တင်ဘာလ ၁၄ရက် နံနက် ၁၀ နာရီအချိန်ခန့်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား လေးဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော် နှစ်ဦး ကျဆုံးခဲ့ကြောင်း ဒေသခံ PDF ခေါင်းဆောင်တစ်ဦးက ပြောသည်။

"မိုင်းဆွဲဖို့စောင့်နေတဲ့ ကင်းတဲဆီကို စစ်ကောင်စီ တပ်က သတင်းအတိအကျနဲ့ လာရောက်ပစ်ခတ်ခဲ့တာ ဖြစ်တယ်။ စစ်ကောင်စီတပ်သား ၂၀ခန့်လောက်ပဲ ရှိပါတယ်၊၊ အဲ့ဒီမှာ အပြန်အလှန် ပစ်ခတ်မှုတွေ အတော်ကြာဖြစ်ပွါးခဲ့တယ် ။ စစ်ကောင်စီတပ်သား လေးဦးလောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တယ် ။ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်က ရဲဘော် နှစ်ဦး ကျည်ထိမှန်ပြီး ကျဆုံးခဲ့တယ်" ဟု ဒေသခံ PDF ခေါင်းဆောင်တစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်က ဘန့်ဘွေးကျေးရွာတွင် တပ်စွဲနေထိုင်နေသည်မှာ အချိန်ကာလ ကြာမြင့်နေပြီဖြစ်၍ ဘန့်ဘွေးကျေးရွာမှ စစ်ရှောင်နေသည့် ဒေသခံပြည်သူ ဦးရေ ၁,၀၀၀ခန့် စားဝတ်နေရေး အခက်အခဲများ ရှိနေကြောင်းလည်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း

#ယင်းမာပင်မြို့နယ်

#ဘန့်ဘွေးကျေးရွာ

#တိုက်ပွဲဖြစ်ပွါး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly