ပါကစ္စတန်တွင် ရေကြီးမှုဖြစ်ပြီးနောက် ဆိုးဝါးလာနေသော အခြေအနေအပေါ် WHO သတိပေး

ပါကစ္စတန်တွင် ရေကြီးမှုဖြစ်ပြီးနောက် ဆိုးဝါးလာနေသော အခြေအနေအပေါ် WHO သတိပေး

ပါကစ္စတန်နိုင်ငံတွင် မကြုံစဖူး ရေကြီးမှုအခြေအနေကို ကိုင်တွယ်ရန် အာဏာပိုင်တို့ အပြင်းအထန် ကြိုးပမ်း နေရစဉ် အဆိုပါနိုင်ငံ၌ စံချိန်တင် မိုးကြီးပြီး ရေကြီးမှုများဖြစ်ပေါ်ပြီးနောက် ဆိုးဝါးလာသည့် အခြေအနေ ကြုံတွေ့ရနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးခဲ့သည်။

“ကျွန်တော်တို့ဟာ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ အကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေ ဖြစ်စေတဲ့ မုတ်သုံရာသီ ရေကြီးမှုကြောင့် ပါကစ္စတန်ပြည်သူတွေ လက်ရှိ ရင်ဆိုင်နေရတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းအပေါ် အင်မတန် စိုးရိမ်ပူပန်မိပါတယ်” ဟု WHO ၏ အရှေ့မြေထဲပင်လယ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ အာမက်ဒ် အယ်လ်-မန်ဒ်ဟာရီက ပါကစ္စတန်ရေကြီးမှုနှင့် ပတ်သက်ပြီး ပြောသည်။

ရေကြီးမှုများကြောင့် လက်ရှိ ဖြစ်ပေါ်သည့် ထိခိုက်ပျက်စီးမှု အတိုင်းအတာက ပါကစ္စတန်တွင် ယခင်က တစ်ကြိမ် တစ်ခါမှ မမြင်တွေ့ခဲ့ဖူးသည့် အခြေအနေဖြစ်ကြောင်းနှင့် ယင်းသည် ပိုမိုပြင်းထန်သည့် ရာသီဥတု အခြေအနေများကို ဦးတည်စေသည့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲမှု၏ ရလဒ်တစ်ခုဖြစ်ကြောင်း ဒေါက်တာ အယ်လ်-မန်ဒ်ဟာရီက စက်တင်ဘာ ၅ ရက် သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

လက်ရှိတွင် ပါကစ္စတန် ရေဘေးသင့်ပြည်သူ သန်းပေါင်းများစွာသည် သောက်သုံးရန်နှင့် နေ့စဉ် လိုအပ်ချက်များအတွက် မသန့်ရှင်းသောရေကို မတတ်သာဘဲ အသုံးပြုနေရသည်။ ၎င်းတို့သည် နေအိမ်များ ပျက်စီးခြင်းနှင့် ရေကြီးမှုကြောင့် ဖြစ်ပေါ်သည့် ထိခိုက်ပျက်စီးမှုများကြောင့် လိုအပ်ချက်များနှင့် ရင်ဆိုင်နေရသလို အများအပြားသည် နေရပ်စွန့်ခွာခဲ့ကြရသည်။

လက်ရှိအခြေအနေအရ ရေမသန့်ရှင်းမှုကြောင့် ဖြစ်သော ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ငှက်ဖျား၊ သွေးလွန် တုပ်ကွေး၊ တိုက်ဖွိုက်၊ ဝက်သက်နှင့် လီရှမာနီယာပိုးစွဲနာ အပါအဝင် နိုင်ငံတွင် ပျံ့နှံ့ဖြစ်ပွားထားခဲ့သည့် ရောဂါများ ကူးစက်ခံရနိုင်ခြေကို မြင့်တက်စေကြောင်း WHO တာဝန်ရှိသူက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly