တရုတ်၏ နေရောင်ခြည်စွမ်းအင်သုံး ဒရုန်းကို ဂြိုဟ်တုအဖြစ် အသုံးပြုနိုင်

တရုတ်၏ နေရောင်ခြည်စွမ်းအင်သုံး ဒရုန်းကို ဂြိုဟ်တုအဖြစ် အသုံးပြုနိုင်

တရုတ်၏ နေရောင်ခြည်စွမ်းအင် သက်သက်ကိုသာ အသုံးပြုသည့် ပထမဆုံး ဒရုန်းကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်။ အဆိုပါ ဒရုန်းများသည် လပေါင်းများစွာကြာအောင် ပျံသန်းနိုင်ပြီး လိုအပ်ပါက ဂြိုဟ်တုများအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။

ဒရုန်းအမျိုးအစားတစ်မျိုးဖြစ်သည့် Qimingxing-50 အား အောင်မြင်စွာ စမ်းသပ် ပျံသန်းခဲ့ရာ နေရောင်ခြည်စွမ်းအင်ဖြင့် မောင်းနှင်သည့် အကြီးဆုံး ဒရုန်းဖြစ်လာကြောင်း တရုတ်အစိုးရအရာရှိတစ်ဦးက တွစ်တာတွင် ရေးသားခဲ့သည်။

အဆိုပါ ဒရုန်းကို နိုင်ငံအနောက်မြောက်ပိုင်း ရှန်းကျိပြည်နယ်ရှိ လေဆိပ်တစ်ခုမှ စက်တင်ဘာ ၃ ရက် ညနေ ၅နာရီ ၅၀ မိနစ်တွင် လွှတ်တင်ခဲ့ပြီး လေထဲတွင် ၂၆ မိနစ်ကြာ ပျံသန်းခဲ့ ကြောင်း South China Morning Post သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ Qimingxing-50 သည် တောင်ပံအကျယ် ၅၀ မီတာ ရှိပြီး အမြင့်များစွာမှ ထောက်လှမ်းခြင်း၊ တောမီးများကို စောင့်ကြည့်ခြင်းနှင့် ဆက်သွယ်ရေး လုပ်ငန်းများအတွက် အသုံးပြုနိုင်သည်။

ယင်းနည်းပညာသည် ဝေဟင်နှင့် ရေပြင်တို့၌ တရုတ်၏ ကာကွယ်ရေးကို အင်အားတိုးလာစေမည်ဖြစ်သည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ကဏ္ဍသစ်များနှင့် လေယာဉ် အင်ဂျင်နီယာပညာရပ်နယ်ပယ်များတွင်လည်း အသုံးပြုနိုင်သည်။

အဆိုပါ ဒရုန်း၏ အင်္ဂလိပ်ဘာသာဖြင့် အဓိပ္ပါယ်မှာ Morning star-50 (နံနက်ခင်းကြယ်-၅၀) ဖြစ်ပြီး မရပ်မနားဘဲ လပေါင်းများစွာ ပျံသန်းနိုင်မည်ဖြစ်သည်။ ယင်းကဲ့သို့ ကြာရှည်ပျံသန်းနိုင်ခြင်းသည် ဂြိုဟ်တုတစ်လုံးကဲ့သို့ အသုံးချနိုင်မည်ဖြစ်သည်။

အဆိုပါ ဒရုန်းသည်ဂြိုဟ်တုများကဲ့သို့ပင် လျှပ်စစ်စွမ်းအင်ကို နေရောင်ခြည်မှ ရယူပြီး ကမ္ဘာမြေအထက် ကီလိုမီတာ ၂၀ တွင် မရပ်မနားဘဲ အလုပ်လုပ်နိုင်သောကြောင့် ‘အမြင့်ပျံ ပလက်ဖောင်းစခန်းများ’ သို့မဟုတ် ‘ဂြိုဟ်တု အတု’ ဟုလည်း ခေါ်ဝေါ်သတ်မှတ်ထားသည်။

ဂြိုဟ်တုများကို အသုံးမချနိုင်သည့်အခြေအနေတွင် အဆိုပါ ဒရုန်းများကို အသုံးပြုနိုင်သည့်အပြင် အာကာသအတွင်းရှိ ဂြိုလ်တုများ၏ ကုန်ကျစရိတ်၊ တပ်ဆင်ရာတွင် ရှုပ်ထွေးမှုနှင့် နှိုင်းယှဉ်ပါက ဒရုန်းများသည် ဈေးသက်သာပြီး အသုံးပြုရလွယ်ကူကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်နှင့် ဗြိတိန်တို့ကလည်း ကောင်းကင်တွင် အမြင့် ၂၀ ကီလိုမီတာအထိ ပျံသန်းနိုင်သည့် နေရောင်ခြည် စွမ်းအင်သုံး ဒရုန်းများကို တီထွင်ထားပြီး ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly