ပုံဟောင်းများဖြင့် KIA ထံမှ သိမ်းဆည်းရမိသော လက်နက်များအဖြစ် ဖြန့်ဝေနေ

ပုံဟောင်းများဖြင့် KIA ထံမှ သိမ်းဆည်းရမိသော လက်နက်များအဖြစ် ဖြန့်ဝေနေ

မဇ္ဈိမ ။    ။ ကချင်ပြည်နယ်၊ လိုင်ဇာမြို့ ကာကင်းကုန်း(၃)ကုန်းကို စစ်ကောင်စီတပ်မှ သိမ်းပိုက်ပြီး ကချင်အမျိုးသားလွတ်မြောက်ရေးတပ် (KIA) ထံမှ သိမ်းဆည်းရမိသည့် လက်နက်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။ ထိုပုံများမှာ ပုံဟောင်းများဖြစ်သည်။ 

"Mg Mg Ko" အမည်ရှိ ဖေ့ဘုတ်အကောင့်မှ "တပ်မတော်၏ထိုးစစ်ကြောင့်အကြမ်းဖက် KIA အဖွဲ့ခေါင်းဆောင် အင်ဘန်လှ တရုတ်နိုင်ငံ ခွင်းမှင်မြို့ သို့ ထွက်ပြေးတိမ်းရှောင် သွားကြောင်းသိရပြီး လိုင်ဇာမြို့ရဲ့ကာကင်းကုန်း(၃)ကုန်းကို တပ်မတော်က သိမ်းပိုက်အပြီး မြန်မာ့တပ်မတော်ကို အလှူကြီးပေးခဲ့တဲ့ ဓါတ်ပုံတွေကို အခုလိုတွေ့ရပါတယ် ၊ ဒီလက်နက်တွေကိုရှမ်းနီကာကွယ်ရေးတပ်ဖွဲ့တွေအတွက် ပေးအပ်သွားမယ်လို့သိရပါတယ် ၊" ဟု (မူရင်းအရေးအသားအတိုင်း) ရေးသားကာ လက်နက်ခဲယမ်းပုံ ခြောက်ပုံနှင့် တကွ ဖြန့်ဝေထားသည်။ 
ထိုသတင်းကို အခြား ဖေ့ဘုတ်အကောင့်များနှင့် တယ်လီဂရမ်များတွင် ပြန်လည်ကူးယူဖော်ပြမှုများကို တွေ့ရသည်။ သတင်းတုဖြန့်‌ဝေမှု - https://bit.ly/3Dimxm0 , https://bit.ly/3LaDXCY  

ထို လက်နက်ခဲယမ်းပုံများကို မဇ္ဈိမ၏ အချက်အလက် စစ်ဆေးသူများမှ ဓာတ်ပုံရာဇဝင်စစ်ဆေးသည့် Reverse Image Search ဖြင့် စစ်ဆေးခဲ့ပြီး ပုံဟောင်းများဖြစ်ကြောင်း တွေ့ရသည်။ 

လက်နက်များထောင်ထားသည့်ပုံသည် စစ်ကောင်စီ ဝါဒဖြန့် DGF21 News ဟူသည့် ပေ့ချ်မှ ၂၀၂၁ အောက်တိုဘာ ၂၁ ရက်ကတည်းက အလားတူ ဝါဒဖြန့်သည့် သတင်းတွင် ထည့်သွင်းဖော်ပြခဲ့ပြီးသား ပုံဖြစ်သည်။ ပုံအဟောင်းလင့် - https://bit.ly/3Ld4e3m 

အလားတူ ဒုတိယ တစ်ပုံကို Asharq News အမည်ဖြင့် တွစ်တာ အကောင့်မှ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့တွင် တင်ဆက်ထားသော ဗီဒီယိုဖိုင်တွင် တွေ့ရသည်။ ပုံအဟောင်းလင့် - https://bit.ly/3xkDCaZ

တတိယ တစ်ပုံမှာမူ တရုတ်ဝက်ဆိုက်တစ်ခုတွင် ၂၀၂၀ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က ဖော်ပြထားသော ပုံများထဲမှ တစ်ပုံ ဖြစ်သည်။ ပုံအဟောင်းလင့် - https://bit.ly/3BEo2da

တဖန် အဝေးပစ်ပြောင်းနှင့်ပုံမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့တွင် စစ်ကောင်စီ လော်ဘီအကောင့်များမှ မင်းကင်း PDF စခန်းသိမ်းပိုက်ရရှိသည့် ဖြန့်ဝေမှုမှ ပုံဖြစ်သည်။ ပုံအဟောင်းလင့် - https://bit.ly/3Dlxbs4

သတင်းတုဖြန့်ဝေမှုတွင် ပုံ ခြောက်ပုံအနက် ပုံ လေးပုံကိုသာ ပုံဟောင်းများအဖြစ် စိစစ်တွေ့ရှိခဲ့ပြီး ထိုပုံများ၏ မူလရင်းမြစ် နှင့် ကျန် နှစ်ပုံကိုမူ မဇ္ဈိမ မှ ဆက်လက်အတည်ပြုနေဆဲ ဖြစ်သည်။ 

ထို့ကြောင့် မောင်မောင်ကို ၏ ဖြန့်ဝေမှုသည် လိုင်ဇာမြို့ကာကင်းကုန်း (၃) ကုန်းကို စစ်ကောင်စီတပ်မှ သိမ်းပိုက်သည်ဟု ဆိုကာ ပုံဟောင်းများဖြင့် ဖြန့်ဝေနေခြင်းသာ ဖြစ်သည်။ 

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့်အချက်အလက်များ၊ သတင်းဆောင်းပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#Misinformation_Buster
#လိုင်ဇာမြို့ကာကင်းကုန်း 
#ပုံဟောင်း
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required