ထားဝယ်တွင် နိုင်ငံရေး အကျဉ်းသားဟောင်းအပါအဝင် လူငယ် ၂ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

By ကိုရွှေမြိတ်
13 September 2022
ထားဝယ်တွင် နိုင်ငံရေး အကျဉ်းသားဟောင်းအပါအဝင် လူငယ် ၂ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

September 13

မဇ္ဈိမ ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းကထားဝယ် နိုင်ငံရေး အကျဉ်းသား ဟောင်း တစ်ဦး အပါအဝင် လူငယ် အမျိုးသား နှစ်ဦးကို စစ်ကောင်စီတပ်မှထပ်မံ ဖမ်းဆီးခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများထံက သိရသည်။

ထပ်မံ ဖမ်းဆီးခြင်း ခံရသည့် ထားဝယ် နိုင်ငံရေး အကျဉ်းသားဟောင်းမှာ ကိုမျိုးမင်းဦး ဖြစ်ပြီး ထားဝယ်မြို့ ခုံဝင်းဒပ်ရပ်ကွက် ရပ်တော်မူဘုရား အနီးရှိ အလုပ်ရုံတွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံများထံက သိရသည်။

“အလုပ်ရုံထဲမှာ စစ်တပ်ကဝင်ရောက် စီးနင်းဖမ်းဆီးသွားတာပါ။ ဘာကြောင့် လာဖမ်းတယ် ဆိုတာ တိတိ ကျကျ မသိရသေးပါဘူး”ဟု ထားဝယ် နိုင်ငံရေး အကျဉ်းသား ဟောင်း တစ်ဦးက ပြော သည်။

ကိုမျိုးမင်းဦးသည် ထားဝယ် နည်းပညာ တက္ကသိုလ် ကျောင်းသားတစ်ဦး ဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြ လှုပ်ရှားမှုများပြုလုပ်ခဲ့၍ ၂၀၂၁ ခုနှစ် မေလဆန်းပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည်။ ကိုမျိုးမင်းဦးကို ထားဝယ်အကျဉ်းထောင်၌ ထားရှိခဲ့ပြီး ခြောက်လခန့်ကြာတွင် အမိန့်ချ၍ အောက်တိုဘာလတွင် လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်လာသူ တစ်ဦးဖြစ်သည်။

စစ်ကောင်စီတပ်သည် ကိုမျိုးမင်းဦးအား မဖမ်းဆီးခင် စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် ထားဝယ် နည်းပညာတက္ကသိုလ် ကျောင်းသား ကိုအောင်ဝေယံထွန်းကို ဖမ်းဆီးခဲ့သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ရက်ပိုင်းက ထားဝယ်မြို့ပေါ်တွင် သပိတ်ကော်မတီဝင် နှစ်ဦး ဖမ်းဆီးခဲ့သည်။ ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့သည် မြို့ပေါ် ရပ်ကွက်များတွင် ဧည့်စာရင်းစစ် အကြောင်းပြချက်ဖြင့် ပြည်သူများ၏ နေအိမ်များကို ဝင်ရောက် အကြမ်းဖက် စစ်ဆေးခြင်း၊ ဖမ်းဆီး ရိုက်နှက်ခြင်းများအပြင် ဖမ်းဆီးမှုများကိုလည်း နေ့စဉ်နီးပါး ပြုလုပ်နေကြောင်း မြို့ခံများထံက သိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ထားဝယ်မြို့

#နိုင်ငံရေးအကျဉ်းသားဟောင်း

#လူငယ်၂ဦး

#စစ်ကောင်စီတပ်

#ဖမ်းဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required