ပြည်သူကို ဒုက္ခမျိုးစုံပေးနေ၍ အမရပူရမြို့နယ် ဥယျာဉ်တော်ရွာ ရာအိမ်မှူးကို ရှင်းလင်းခြင်း ဖြစ်ကြောင်း မြစ်ငယ်အမျိုးသမီးတပ်ဖွဲ့ ထုတ်ပြန်

ပြည်သူကို ဒုက္ခမျိုးစုံပေးနေ၍ အမရပူရမြို့နယ် ဥယျာဉ်တော်ရွာ ရာအိမ်မှူးကို ရှင်းလင်းခြင်း ဖြစ်ကြောင်း မြစ်ငယ်အမျိုးသမီးတပ်ဖွဲ့ ထုတ်ပြန်

Sep 10

မန္တလေး(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ အမရပူရမြို့နယ် ဥယျာဉ်တော်ရွာ ရာအိမ်မှူးသည် စစ်တပ်နှင့်ပေါင်း၍ ပြည်သူကို ဒုက္ခမျိုးစုံပေးနေခြင်းကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း မြစ်ငယ်ပြည်သူ့ကာကွယ်ရေးတပ်(MN PDF)အမျိုးသမီးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာ ၉ ရက်နေ့က အမရပူရမြို့နယ်၊ ဥယျာဉ်တော်ရွာရှိ စစ်ကောင်စီခန့် ရာအိမ်မှူး ဦးတင်အုန်း အသက်(၆၂)နှစ်ကို ဓမ္မာရုံတွင် ရှိနေစဉ် MN PDF အမျိုးသမီးတပ်ဖွဲ့ဝင်နှစ်ဦးက သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့သည်။

“စကစလက်ပါးစေ တင်အုန်း(ခ)ပွကြီးစိန်အား ခုနစ်ရက်သားသမီးများ စိတ်အေး ချမ်းသာ စွာနေထိုင်နိုင်ရေးအတွက် နှုတ်ခမ်းနီခုနစ်တောင့်ဖြင့် ဝေဠုဓမ္မာရုံအနီးတွင် အဆုံးသတ်ပေးခဲ့ပါသည်။ ထိုသူသည် စကစ ၏ အုပ်ကြီးအဖြစ်သာမကဘဲ ပျူစောထီး သင်တန်းဆင်း ပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်သောကြောင့်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ရာအိမ်မှူး ဦးတင်အုန်းအား ပစ်ခတ်ရှင်းလင်းစဉ် ၎င်း၏အနီးတွင် ရှိနေသည့် အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် MN PDF အမျိုးသမီး တပ်ဖွဲ့က တောင်းပန်ထားသည်။

“ပြည်သူများအနေဖြင့် စခ(စစ်ကောင်စီတပ်သား)၊ ရခ(စစ်ကောင်စီလက်အောက်ခံရဲ)များနှင့်မပတ်သက်ဘဲ ဝေးဝေးရှောင်သွားကြဖို့ အထူး သတိပေးလိုပါတယ်” ဟု MN PDF အမျိုးသမီး တပ်ဖွဲ့၏ တာဝန်ရှိသူက ဆိုသည်။

MN PDF အမျိုးသမီးတပ်ဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့ကလည်း အမရပူရ မြို့နယ် စားတော်ရွာရှိ ရုရှားပြန်စစ်ဗိုလ်တစ်ဦး၏ မိသားစုပိုင်ယက္ကန်းရုံကို ဗုံးပစ်တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ သည်။

(ပုံစာ- ပစ်သတ်ခံရသည့်ရာအိမ်မှူးဦးတင်အုန်းနှင့် MN PDF ထုတ်ပြန်ချက်)

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#အမရပူရမြို့နယ်

#ဥယျာဉ်တော်ရွာ

#ရာအိမ်မှူး

#မြစ်ငယ်အမျိုးသမီးတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly