ရေကြီးမှုနှင့် အကြီးအကျယ် ကြုံတွေ့နေရသည့် ပါကစ္စတန်အစိုးရက IMF ထံမှ ချေးငွေထပ်ယူရန် စဉ်းစားနေ

ရေကြီးမှုနှင့် အကြီးအကျယ် ကြုံတွေ့နေရသည့် ပါကစ္စတန်အစိုးရက IMF ထံမှ ချေးငွေထပ်ယူရန် စဉ်းစားနေ

ပါကစ္စတန်အစိုးရသည် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ အရေးပေါ်ချေးငွေတစ်ရပ် ရယူနိုင်ရန် စဉ်းစားလျက် ရှိသည်။ ပဏာမ ခန့်မှန်းတွက်ချက်မှုများအရ နိုင်ငံတွင် အကြီးအကျယ် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့သော ရေကြီးမှုများကြောင့် ဆုံးရှုံးမှုတန်ဖိုး ရူပီး ၂ ဒသမ ၅ ထရီလီယံနီးပါးကို ဖြစ်ပေါ်စေနိုင်ပြီး လက်ရှိဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းကလည်း ၂ ရာခိုင်နှုန်းသို့ နှေးကွေးကျဆင်းသွားနိုင်ကြောင်းကို ပြသနေသည်။

ရေကြီးမှုဖြစ်ပေါ်ပြီး ထုတ်လုပ်ရောင်းရေးလုပ်ငန်းစဉ်များ အဆက်ပြတ်တောက်မှုများကြောင့် တစ်နှစ်တာ ငွေကြေးဖောင်းပွမှုနှုန်းက ၂၆ ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက်နိုင်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကနဦး အကဲဖြတ်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ အဆင့်ပမာဏက ပါကစ္စတန်ဗဟိုဘဏ်နှင့် IMF တို့၏ ရေကြီးမှု မတိုင်မီ ခန့်မှန်းချက်များဖြစ်သော ၁၈ ရာခိုင်နှုန်းနှင့် ၂၀ ရာခိုင်နှုန်းတို့ထက် သိသိသာသာ မြင့်တက်နေသည်။

ရေကြီးမှုများကြောင့် ဖြစ်ပေါ်သည့် စီးပွားရေးအရ ဆုံးရှုံးမှုဆိုင်ရာ ကနဦး ခန့်မှန်းချက်များကို ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြင်ဆင်ထားပြီး အဆိုပါ ကိန်းဂဏန်းများကို စက်တင်ဘာ ၁ ရက်တွင် ဗဟိုဘဏ်၊ စီမံကိန်း ဝန်ကြီးဌာနအပါအဝင် တာဝန်ရှိသူများ တက်ရောက်မည့် အစည်းအဝေးတစ်ခုတွင် တင်ပြမည် ဖြစ်သည်။ ယင်းကိန်းဂဏန်းများက အတိအကျ မဟုတ်ဘဲ အပြောင်းအလဲများ ဖြစ်နိုင်သေးကြောင်း သတင်းရင်းမြစ်များက ပြောသည်။

“ဆုံးရှုံးမှု ပမာဏနဲ့ပတ်သက်လို့ သဘောတူညီချက် ရတာနဲ့ အစိုးရအနေနဲ့ ဘဏ္ဍာရေး အကူအညီရဖို့ နှစ်ဦးနှစ်ဖက်နဲ့ ဘက်ပေါင်းစုံပါတဲ့ ငွေထုတ်ချေးသူတွေဆီ ချဉ်းကပ်အကူအညီတောင်းဖို့ ဆုံးဖြတ်ချက် ချမှတ်မှာ ဖြစ်ပါတယ်” ဟု ဘဏ္ဍာရေး အငယ်တန်းဝန်ကြီး ဒေါက်တာ အစ်ရှာ ပက်ရှာက ပြောသည်။ နိုင်ငံအနေဖြင့် IMF ထံမှ စည်းကမ်းသတ်မှတ်ချက် လွတ်ကင်းသည့် ဘဏ္ဍာရေးအထောက်အပံ့တစ်ရပ် ရယူသွားမည်လား ဆိုသည့် မေးခွန်းကို သူမက ဖြေဆိုသွားခဲ့ခြင်းဖြစ်သည်။

“ပါကစ္စတန်ရဲ့ ရေကြီးမှုသတင်းတွေက အင်မတန် စိုးရိမ်ပူပန်စရာပါပဲ။ ရေကြီးမှုကြောင့် ထိခိုက်သေဆုံးသူတွေနဲ့ ရေဘေးသင့်မိသားစုတွေအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်” ဟု အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ မာဆတ်ဆုဂူ အာဆာကာဝါက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required