ပါကစ္စတန်တွင် အမျိုးသမီးများအပေါ် ကျူးလွန်သည့် ရက်စက်ယုတ်မာသည့် လုပ်ရပ်များ ဆက်လက်ဖြစ်ပေါ်နေ

ပါကစ္စတန်တွင် အမျိုးသမီးများအပေါ် ကျူးလွန်သည့် ရက်စက်ယုတ်မာသည့် လုပ်ရပ်များ ဆက်လက်ဖြစ်ပေါ်နေ

ပါကစ္စတန်နိုင်ငံတွင် အထူးသဖြင့် အမျိုးသမီးများ အပါအဝင် ဘာသာရေး လူနည်းစုများအပေါ် ပစ်မှတ်ထားပြီး ရက်စက်ယုတ်မာသည့် လုပ်ရပ်များ ကျူးလွန်နေမှုများ ဆက်ရှိနေသည်။ အဆိုပါနိုင်ငံတွင် မကြာသေးခင်က ဟိန္ဒူဘာသာဝင်မိန်းကလေးတစ်ဦးသည် သူမအား ပြန်ပေးဆွဲသူများ၏ လက်ထဲတွင် နှစ်နှစ်ကြာ အုပ်စုဖွဲ့ အဓမ္မကျင့်ခြင်းကို ခံရပြီးနောက် ယခုအခါ မိသားစုထံ ပြန်ရောက်လာခဲ့ကြောင်း ပြည်တွင်း မီဒီယာက ဖော်ပြသည်။

အဆိုပါ အသက် ၂၂ နှစ်အရွယ် မိန်းကလေးသည် လွန်ခဲ့သော ၂၀၂၀ နိုဝင်ဘာလ ၂ ရက်က ဆင်းဒ်ပြည်နယ်ရှိ သူမ၏ နေအိမ်တွင် ရှိနေစဉ် လက်နက်ကိုင်အမျိုးသားအချို့၏ ပြန်ပေးဆွဲခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်။ ထို့နောက်ပိုင်းတွင် ပြန်ပေးဆွဲသူများက သူမကို မတူညီသော နေရာများတွင် ပြောင်းရွှေ့ ပိတ်လှောင်ထားခဲ့ပြီး နေ့စဉ်နေ့တိုင်းဆိုသလို လူမဆန်စွာ အဓမ္မကျင့်ခဲ့ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြသည်။

သူမ၏ ဖခင်ဖြစ်သူက အစ္စလမ္မစ်နိုင်ငံတစ်နိုင်ငံတွင် မွတ်စလင်ဘာသာဝင်မဟုတ်ဘဲ မွေးဖွားလာသည့်အတွက် ကိုယ့်ကိုယ်ကိုယ် ဆဲရေးနေသည်ကို ဗီဒီယိုတစ်ခုတွင် မြင်တွေ့ရသည်။ ဒေသခံများနှင့်အတူ ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သော်လည်း သူမ၏ သမီးကို ရှာတွေ့နိုင်ရန် ရဲတပ်ဖွဲ့က အပြုသဘောဆောင်သည့် မည်သည့်လုပ်ဆောင်ချက်ကိုမှ မလုပ်ခဲ့ကြောင်း မိသားစုက ပြောသည်။
 အလားတူ နောက်ထပ် ဆိုးဝါးသည့် ဖြစ်စဉ်တစ်ခုအဖြစ် ဆင်းဒ်ပြည်နယ်တွင် ပျောက်ဆုံးသွားသည့် အသက် ၈ နှစ်အရွယ် နောက်ထပ်ဟိန္ဒူဘာသာဝင် မိန်းကလေးတစ်ဦးကို အသက်အန္တရာယ် အလွန်စိုးရိမ်ရသည့် အခြေအနေဖြင့် ဩဂုတ် ၂၈ ရက်က သူမ၏ မိသားစုက ပြန်တွေ့ခဲ့သည်။

သူမကို အစိုးရဆေးရုံ Umarkot သို့ တင်ပို့ခဲ့ရာတွင် သူမသည် လူမဆန်ရက်စက်စွာ အုပ်စုဖွဲ့ အဓမ္မကျင့်ခံခဲ့ရသည်ဟု ဆရာဝန်များက အတည်ပြုသည်။ သူမ၏ မျက်စိနှစ်ဖက်စလုံးသည်လည်း ချွန်ထက်သည့် အရာဖြင့် ထိုးသွင်းခံခဲ့ရသည်ဖြစ်ရာ ဆေးရုံရောက်ချိန်အထိ မျက်စိများသည် သွေးထွက်နေဆဲဖြစ်သည်။ သူမသည် အသက်ရှင်နိုင်ခြေ အလားအလာ အလွန်နည်းပါးနေသည်ဟု ဆရာဝန်များက ပြောသည်။
 ပါကစ္စတန်နိုင်ငံတွင် ၂၀၂၁ ခုနှစ်၌ ဟိန္ဒူဘာသာဝင် အမျိုးသမီးများကို ပစ်မှတ်ထားသည့် ဖြစ်စဉ်များက ပုံမှန်လိုလို ဖြစ်ပွားလာခဲ့ကြောင်း ပါကစ္စတန် လူ့အခွင့်အရေးကော်မရှင်၏ နှစ်ပတ်လည် အစီရင်ခံစာတစ်ရပ်က ဖော်ပြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly