တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုကို အလျှော့ပေးမည်မဟုတ်ကြောင်း ထိုင်ဝမ်သမ္မတ ပြော

တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုကို အလျှော့ပေးမည်မဟုတ်ကြောင်း ထိုင်ဝမ်သမ္မတ ပြော

ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ကြီးထွားလာနေသော စစ်ရေးအရ အကျပ်ကိုင်မှုကို ရင်ဆိုင်ရာတွင် နောက်ပြန်ဆုတ်မည်မဟုတ်ကြောင်းနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ကာကွယ်ရန် အမေရိကန်နှင့် အနီးကပ် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်က အလည်အပတ် ရောက်ရှိနေသည့်  အမေရိကန်လွှတ်တော်အမတ်များအား စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။ 
 
ထောက်လှမ်းရေးနှင့် အထူးစစ်ဆင်ရေးများဆိုင်ရာ အောက်လွှတ်တော် ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ စတက်ဖန်နီ မာဖီဦးဆောင်သောကိုယ်စားလှယ်အဖွဲ့လာရောက်လည်ပတ်မှုနှင့်  ထိုင်ဝမ်အပေါ် အမေရိကန်ကွန်ဂရက်၏ အခိုင်အမာထောက်ခံမှုအပေါ် ကျေးဇူတင်ရှိကြောင်း စိုင်အင်ဝမ်က ပြောကြားခဲ့သည်။

 “ထိုင်ဝမ်က ဖိအားတွေနဲ့ အကျပ်ကိုင်မှုတွေကို ဦးညွတ်သွားမှာမဟုတ်ဘူးဆိုတာ မိတ်ဆွေတွေကို ပြောပြ ချင်ပါတယ်။  ကျွန်မတို့ရဲ့ ဒီမိုကရက်တစ်အင်စတီကျူးရှင်းနဲ့ လူနေမှုပုံစံကို ကာကွယ်သွားမှာပါ။ ထိုင်ဝမ်ဟာ နောက်ပြန်ဆုတ်မှာ မဟုတ်ပါဘူး။ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ပူးတွဲကာကွယ်ဖို့ သံတမန် မိတ်ဖက်တွေနဲ့လည်း လေးလေးနက်နက်နဲ့ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု စိုင်အင်ဝမ်က ပြောသည်။

ထိုအမေရိကန်ကွန်ဂရက်အနေဖြင့် ထိုင်ဝမ်နှင့်အမေရိကန်အကြား အရည်အသွေးမြင့် ကုန်သွယ်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ရေး ထောက်ခံသင့်ကြောင်းနှင့် နိုင်ငံတကာဖိုရမ်များတွင် သင့်လျော်သည့် အချိန်၌ ထိုင်ဝမ်ပါဝင်နိုင်ရေး ကူညီသင့်ကြောင်းကို မာဖီက သဘောတူကြောင်း ပြောခဲ့သည်။

အခြားအမေရိကန် လွှတ်တော် ကိုယ်စားလှယ်အဖွဲ့များကဲ့သို့ နှစ်ဖက်ပါတီမှ လွှတ်တော်အမတ်များ၏ လက်ရှိ ခရီးစဉ်သည် ထိုင်ဝမ်အတွက် ကွန်ဂရက်လွှတ်တော်၏ ခိုင်မာသော ကတိကဝတ် သင်္ကေတတစ်ခုဖြစ်ကြောင်း အမေရိကန်ကွန်ဂရက်လွှတ်တော်၏ ပထမဆုံး ဗီယက်နမ်-အမေရိကန် အမျိုးသမီးတစ်ဦးဖြစ်သည့် မာဖီက ပြောကြားခဲ့သည်။

ကိုယ်စားလှယ်အဖွဲ့၏ ၃ ရက်ကြာ ခရီးစဉ်အတွင်း အဖွဲ့ဝင်များသည် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူ၊ အမျိုးသားလုံခြုံရေးကောင်စီ အထွေထွေအတွင်းရေးမှူး ဝယ်လင်တန်ကူး တို့နှင့် ထိုင်ဝမ်-အမေရိကန် ဆက်ဆံရေး၊ ဒေသတွင်းလုံခြုံရေးနှင့် စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟု ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ခရီးစဉ်သည် ယခုနှစ်အတွင်း ထိုင်ဝမ်သို့ အမေရိကန်ကွန်ဂရက်လွှတ်တော်အဖွဲ့ဝင်များ၏ ၈ ကြိမ်မြောက်လည်ပတ်မှုဖြစ်ပြီး သြဂုတ်လက ထိုင်ဝမ်တစ်ဝိုက်တွင် တရုတ်၏ စစ်ရေးလေ့ကျင့်မှုနောက်ပိုင်း အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ၆ ကြိမ်မြောက်ခရီးစဉ်လည်းဖြစ်ကြောင်း MOFA က ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly