ပါကစ္စတန်စစ်တပ်က အာဖဂန်နယ်မြေတွင် TTP သူပုန်အဖွဲ့ကို နှိမ်နင်းသည့် စစ်ဆင်ရေး လုပ်ဆောင်နေဟုဆို

By The Khaama Press
10 September 2022
ပါကစ္စတန်စစ်တပ်က အာဖဂန်နယ်မြေတွင် TTP သူပုန်အဖွဲ့ကို နှိမ်နင်းသည့် စစ်ဆင်ရေး လုပ်ဆောင်နေဟုဆို

ပါကစ္စတန်စစ်တပ်သည် အာဖဂန်နစ္စတန်၏ နယ်မြေပိုင်နက်ထဲတွင် ပါကစ္စတန် တာလီဘန်ဟု သိကြသော တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) သူပုန်အဖွဲ့အပေါ် စစ်ဆင်ရေးတစ်ရပ် စတင်လုပ်ဆောင်ခဲ့ကြောင်း ယခင်အာဖဂန်အမျိုးသားလုံခြုံရေးညွှန်ကြားမှုဦးစီးဌာန (NDS) ၏ ညွှန်ကြားရေးမှူးဟောင်း ရာမတ်တူလာ နာဘီးလ်က ပြောသည်။

ပါကစ္စတန်သည် အာဖဂန်တာလီဘန်အစိုးရ တာဝန်ရှိသူများနှင့် တိုင်ပင်ဆွေးနွေးခြင်း မရှိဘဲ အာဖဂန်နစ္စတန်တွင် TTP အဖွဲ့ကို နှိမ်နင်းရန် ပြီးခဲ့သည့် ရက်များအတွင်း စစ်ဆင်ရေး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အာဖဂန်အရာရှိဟောင်းက ဩဂုတ် ၂၉ ရက်က တွစ်တာတွင် ရေးသည်။

“အာဖဂန်နစ္စတန်ရဲ့ နယ်မြေထဲမှာ TTP သူပုန်အဖွဲ့အပေါ် ပါကစ္စတန်စစ်တပ်ရဲ့ စစ်ဆင်ရေး ဆောင်ရွက်မှုက ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းမှာ တကယ် စတင်ခဲ့တာပါ” ဟု နာဘီးလ်က တွစ်တာတွင် ရေးသည်။ “အာဖဂန်တာလီဘန် ကာကွယ်ရေးဝန်ကြီး မူလာ အမ် ယာကွတ်နဲ့ တိုင်ပင်ဆွေးနွေးမှု မလုပ်ခဲ့တာ ဖြစ်နိုင်သလို မူလာ ယာကွတ်က ဒါဟာ သူတို့နဲ့ မဆိုင်ဘူးဆိုပြီး ဟန်ဆောင်ဖို့ သူကြိုးစားနေတာလည်း ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

အာဖဂန် တာလီဘန် ကာကွယ်ရေးဝန်ကြီး မူလာ ယာကွတ် မူဂျာဟစ်သည် ပြီးခဲ့သည့် ဩဂုတ် ၂၈ ရက်က ကဘူးလ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း အာဖဂန်နစ္စတန်၌ ပါကစ္စတန်စစ်တပ် ရှိနေမှုကို ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိပေ။

သို့သော် ပါကစ္စတန်အနေဖြင့် ယင်း၏ လေပိုင်နက်ထဲသို့ အမေရိကန်ဒရုန်းများကို ဝင်ရောက်ခွင့်ပြုခြင်းကို ရပ်ဆိုင်းရန် ၎င်းက တိုက်တွန်းခဲ့သည်။

အမေရိကန်သည် ပါကစ္စတန်လေပိုင်နက်မှတစ်ဆင့် အာဖဂန်နစ္စတန်တွင် ဒရုန်းစစ်ဆင်ရေးများ လုပ်ဆောင်ခဲ့သည် ဆိုပြီး တာလီဘန် ကာကွယ်ရေးဝန်ကြီး၏ ပြောဆိုချက်များကို ပါကစ္စတန်က လက်မခံဘဲ ပယ်ချခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly