ရေဖြူမြို့ နဘုလယ်ဒေသ၌ အသက် ၆၀ နှစ်အရွယ်အမျိုးသား သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံး

ရေဖြူမြို့ နဘုလယ်ဒေသ၌ အသက် ၆၀ နှစ်အရွယ်အမျိုးသား သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံး

စက်တင်ဘာလ ၉ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ လဲရှောင်ရွာတွင် ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့ ည ၆ နာရီခွဲခန့် အချိန်တွင် အသက် (၆၀) နှစ် အရွယ် အမျိုးသား တစ်ဦး နေအိမ်၌ ရေချိုးနေစဉ် ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ လဲရှောင်ရွာနေ ဒေသခံ တစ်ဦးဖြစ်သူ ဦးကြည်စိုး ဆိုသူဖြစ်ပြီး ၎င်းကို အမည်မသိ လူနှစ်ဦးက လာရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

နဘုလယ်ဒေသခံ တစ်ဦးက"ရေချိုးနေစဥ် ခေါင်းကို သေနတ်နဲ့ တေ့ပစ်သွားတာပါ၊ လက်နက်ကိုင်ထားတဲ့လူတွေ ပြန်သွားမှ အိမ်အနီးချင်းတွေက သွားကူပေးရာ အသက် မရှိတော့ဘူး"ဟု ပြောဆိုသည်။

ဦးကြည်စိုး သည် သာမန်ရွာသား တစ်ဦးဖြစ်ပြီး၊ ယခင်က စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် ပြန်လွတ်လာသူ တစ်ဦးလည်း ဖြစ်သည်။ ယင်း ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့တို့က ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း မည်သည့်လက်နက်ကိုင်အဖွဲ့စည်းမှ လာရောက် ပစ်ခတ်ခဲ့သည်ကို ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly