တရုတ်အနီးတွင် ဒရုန်းကို ပစ်ချခြင်းသည် လုပ်သင့်ကြောင်း ထိုင်ဝမ်ဝန်ကြီးချုပ် ပြောကြား

06 September 2022
တရုတ်အနီးတွင် ဒရုန်းကို ပစ်ချခြင်းသည် လုပ်သင့်ကြောင်း ထိုင်ဝမ်ဝန်ကြီးချုပ် ပြောကြား

ထိုင်ဝမ်ထိန်းချုပ်ထားသော ကျွန်းတစ်ကျွန်းပေါ်တွင် ပျံသန်းနေသော တရုတ်ကမ်းရိုးတန်းအလွန်မှ ဒရုန်း တစ်စင်းအား ပစ်ချရန် ထိုင်ဝမ်၏ ဆုံးဖြတ်ချက်သည် အကြိမ်ကြိမ်သတိပေးပြီးနောက် လုပ်ဆောင်ခြင်း ဖြစ်သောကြောင့်  လုပ်သင့်ကြောင်း ထိုင်ဝမ်ဝန်ကြီးချုပ် စုဆန်းချန်က ပြောကြားလိုက်သည်။

ထိုင်ဝမ်စစ်တပ်သည် တရုတ်နိုင်ငံ၊ ရှားမင်းမြို့နှင့် ကပ်လျက် ကမ်းလွန်ပြင်ရှိ ကင်မန်ကျွန်းများအနီး လေပိုင်နက် အတွင်းသို့ ဝင်ရောက်လာသည့် ပထမဆုံး အရပ်ဘက်သုံးမောင်းသူမဲ့လေယာဉ်ကို စက်တင်ဘာ ၂ ရက်က ပစ်ချခဲ့သည်။

သေးငယ်သော ရှစ်ယုကျွန်းငယ်အနီးရှိ ကန့်သတ်လေပိုင်နက်အတွင်းသို့ ဝင်ရောက်ပြီးနောက် ပစ်ချခံရကာ ပင်လယ်ထဲသို့ ပျက်ကျသွားခဲ့ကြောင်း ထိုင်ဝမ်စစ်တပ်က ပြောကြားခဲ့သည်။

စက်တင်ဘာ ၂ရက်က သတင်းထောက်များနှင့် ပြောကြားရာတွင် ထိုင်ဝမ်သည် ထပ်ခါတလဲလဲ သတိပေးချက် ထုတ်ပြန်ခဲ့ပြီး "ကျွန်တော်တို့ရဲ့ တံခါးဝကို မကျူးကျော်ဖို့ ပြောကြားခဲ့ပါတယ်" ဟု စု က ပြောကြားခဲ့သည်။

“ထွက်ခွာဖို့ သတိပေးချက်တွေကို ထပ်ခါတလဲလဲ လျစ်လျူရှုခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပြီး ပစ်ချဖို့က လွဲလို့ တခြားရွေးချယ်စရာ မရှိတော့ပါဘူး။ ထပ်ခါတလဲလဲ ထိန်းထိန်းသိမ်းသိမ်းနဲ့ သတိပေးမှုတွေ ပြုလုပ်ပြီး နောက် ဒါက အသင့်တော်ဆုံး တုံ့ပြန်မှုပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်က ထိန်းထိန်းသိမ်းသိမ်းပြုမှုသင့်သည်ဟု စု က ဆက်လက် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ဘယ်တော့မှ ရန်စမှာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ မြေနဲ့ ပြည်သူတွေကို ကာကွယ်ဖို့ အသင့်တော်ဆုံးအရာတွေကို လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

ထိုင်ဝမ်အာဏာရပါတီသည် တင်းမာမှုများ မြင့်တက်ရေးလုပ်ဆောင်နေသည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက စက်တင်ဘာ ၂ရက်တွင် တုံ့ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required