ပါကစ္စတန်၏ ဒီမိုကရက်တစ် အခြေခံမူများကို ထောက်ခံကြောင်း အမေရိကန် ပြောကြား

ပါကစ္စတန်၏ ဒီမိုကရက်တစ် အခြေခံမူများကို ထောက်ခံကြောင်း အမေရိကန် ပြောကြား

ပါကစ္စတန်ရှိ ဒီမိုကရေစီဝါဒ အခြေခံသော အခြေခံမူများကို ထောက်ခံကြောင်း အမေရိကန်က ဩဂုတ် ၂၅ ရက်တွင်  ပြောကြားလိုက်သည်။ 

အမေရိကန်အစိုးရကို ပွင့်ပွင့်လင်းလင်းဝေဖန်သူတစ်ဦးဖြစ်သည့် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း အကြမ်းဖက်မှုစွဲချက်များဖြင့် စွဲဆိုခံရပြီးနောက် အမေရိကန်က အထက်ပါအတိုင်း ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

“ဒီမိုကရေစီဝါဒ အခြေခံတဲ့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ညီတဲ့၊ ဥပဒေနဲ့ညီတဲ့ အခြေခံမူတွေကို ငြိမ်းချမ်းစွာ ထိန်းသိမ်းတာကို မိမိတို့ ထောက်ခံအားပေးပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗီဒန့် ပါတဲလ်က သတင်းထောက်များကို ပြောသည်။

“အမေရိကန်အနေနဲ့ ပါကစ္စတန်နဲ့ မိမိတို့အကြား ကာလကြာ ပူးပေါင်းဆောင်ရွက်မှုကို တန်ဖိုးထားပါတယ်။ ကြီးပွားချမ်းသာပြီး ဒီမိုကရေစီဝါဒ အခြေခံတဲ့ ပါကစ္စတန်နိုင်ငံအဖြစ် အမြဲတမ်း ရှုမြင်ခဲ့သလို အဲဒါက အမေရိကန်ရဲ့ အကျိုးစီးပွားအတွက်လည်း အလွန်အရေးပါပါတယ်” ဟု ၎င်းက ပြောသည်။

ဝန်ကြီးချုပ်ဟောင်း ခန်းအပေါ် စွဲချက်များ စွဲဆိုခြင်းနှင့်ပတ်သက်ပြီး ပိုမို အသေးစိတ်ကျစွာ ထင်မြင်ချက်ပေးရန် ၎င်းက ငြင်းဆန်ခဲ့သည်။ ခန်းသည် ဧပြီလက ပါလီမန် မဲခွဲမှုတစ်ခုအတွင်း ရာထူးမှ ဖြုတ်ချခံခဲ့ရသူဖြစ်သော်လည်း ရွေးကောက်ပွဲများဖြင့် နိုင်ငံရေးစင်မြင့်သို့ တစ်ကျော့ပြန် ပြန်လာရန် မျှော်လင့်ထားသူဖြစ်သည်။

ခန်းသည် သူ၏ပါတီမှ အရာရှိတစ်ဦး ထိန်းသိမ်းခံရခြင်းနှင့် ပတ်သက်ပြီး တရားသူကြီးတစ်ဦးကို ရည်ရွယ် ပြောဆိုခဲ့သည့် ပြောစကားများအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေး တရားရုံးတစ်ခု၏ စွဲချက်တင်ခြင်းကို ရင်ဆိုင်ခဲ့ရပြီးနောက် ယာယီ အာမခံ ရရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required