ပါကစ္စတန် ဘာလိုချီစတန်တွင် ရေကြီးမှုကြောင့် ရထားခရီးစဉ်များ ရပ်ဆိုင်း

ပါကစ္စတန် ဘာလိုချီစတန်တွင် ရေကြီးမှုကြောင့် ရထားခရီးစဉ်များ ရပ်ဆိုင်း

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်တွင် မိုးကြီးပြီး ရေလွှမ်းမိုးမှုများ အကြီးအကျယ် ဖြစ်ပေါ်ခဲ့မှုကြောင့် ရထားခရီးစဉ်ပြေးဆွဲမှုများ ၁၀ ရက်ကြာ ရပ်ဆိုင်းသွားခဲ့ရသလို  ၁၅ ရက်ကြာပြီးနောက်တွင်လည်း ခရီးစဉ်များကို မူလအတိုင်း ပြန်ပြေးဆွဲနိုင်ရန်  တာဝန်ရှိသူတို့က အသေအချာ မပြောနိုင်သေးပေ။

ဘာလိုချီစတန်မှ နိုင်ငံ၏ အခြားသော ဧရိယာများသို့ ရထားခရီးစဉ် ပြေးဆွဲမှုများ ရပ်ဆိုင်းနေခဲ့သည်မှာ ဩဂုတ် ၃၀ ရက်တွင် ၁၀ ရက်ကြာ ရှိသွားပြီဖြစ်သည်။ လာမည့် ၁၅ ရက်အတွင်း ပြည်နယ်တွင် ရထားပြေးဆွဲမှုများ ပြန်လည်ပြေးဆွဲရန် မဖြစ်နိုင်သေးဟု မီးရထားအာဏာပိုင်များက ပြောကြောင်း Geo News က ဖော်ပြသည်။

နက်ဆီရာဘတ် ရထားလမ်းအပိုင်း ရေတိုက်စား မျောပါခဲ့သလို ဟာရက်ခ် ရထားသံလမ်းတံတား ကျိုးကျပြီးနောက် ရထားပြေးဆွဲမှုများ ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ဘာလိုချီစတန်မှ အီရန်သို့ ရထားပြေးဆွဲမှုကလည်း ယခုအခါ တစ်လကြာ ရပ်ဆိုင်းနေပြီဖြစ်သည်။

တစ်လကြာမြင့်ခဲ့သော်လည်း ကွက်တာ-တက်ဖ်တန် ရထားလမ်းပိုင်း ပြန်လည်ပြင်ဆင်မှုက လက်ရှိအချိန်အထိ မပြီးစီးသေးကြောင်း မီးရထားအာဏာပိုင်များက ပြောသည်။ ထို ရထားလမ်းသည် ဇူလိုင် ၂၉ ရက်က ချန်ဂိုင်းအရပ်တွင် ရေတိုက်စားခံရမှုကြောင့် အီရန်သို့ ရထားပြေးဆွဲမှု ရပ်ဆိုင်းသွားခဲ့ခြင်း ဖြစ်သည်။

အလားတူ နက်ဆီရာဘတ်ခရိုင်တွင် ဆီဘီ-ဂျက်ကော့ဘာဘတ် ရထားလမ်းပိုင်း ပျက်စီးပြီးနောက် ဘာလိုချီစတန်မှ အခြားဧရိယာများသို့ ပြေးဆွဲသည့် ရထားဝန်ဆောင်မှုများ ၁၀ ရက်ကြာ ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required