စစ်မီးမွှေးသူ ပူတင်ကို ‘ကမ္ဘာ၏ စစ်မှန်သော ခေါင်းဆောင်’ ဟု မင်းအောင်လှိုင်က ဝပ်တွားခယစွာ အမွှမ်းတင် 

စစ်မီးမွှေးသူ ပူတင်ကို ‘ကမ္ဘာ၏ စစ်မှန်သော ခေါင်းဆောင်’ ဟု မင်းအောင်လှိုင်က ဝပ်တွားခယစွာ အမွှမ်းတင် 

September 8

မြန်မာနိုင်ငံက ရှုတ်ချခံ စစ်အာဏာသိမ်းအုပ်စုခေါင်းဆောင်သည် စစ်မီးမွှေးသူ ရုရှသမ္မတ ဗလာဒီမာ ပူတင်အား အလွန်ကာရော ချီးမွှမ်းလျက် ဝပ်တွားခယမှုကို ပြသခဲ့သည်။ 

လက်ရှိ၌ ယူကရိန်းက မြို့များကို ဗုံးကြဲနေသည့် ရုရှတပ်များ၏ ကျူးကျော်စစ် ဆင်နွှဲနေရာ၌ တာဝန်ရှိသူ “ပူတင်ကို ဂုဏ်ယူကြောင်း” မြန်မာအာဏာရှင် မင်းအောင်လှိုင်က ပြောခြင်း ဖြစ်သည်။ 

ယူကရိန်းတွင် ရုရှတပ်များ၏ ကျူးလွန်မှုများကို စုံစမ်းစစ်ဆေးသူများက စစ်ရာဇဝတ်မှု မြောက်မမြောက် စုံစမ်းစစ်ဆေးနေချိန်လည်း ဖြစ်သည်။ 

“ခင်ဗျားအတွက် ကျွန်တော် အရမ်း ဂုဏ်ယူပါတယ်၊ ခင်ဗျား နိုင်ငံကို အုပ်ချုပ်ချိန်ကစပြီး ရုရှနိုင်ငံဟာ ကမ္ဘာမှာ ထိပ်တန်းနေရာကို ရယူခဲ့တယ်”ဟု မင်းအောင်လှိုင်က ပြောသည်။ 

ပူတင်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ရာ၌ မင်းအောင်လှိုင်က ဆက်လက်ပြီး “ဒီတော့ ကျွန်တော်တို့ဟာ ခင်ဗျားကို ရုရှရဲ့ ခေါင်းဆောင်အဖြစ် ခေါ်ရမှာ မဟုတ်ဘူး၊ ကမ္ဘာ့ခေါင်းဆောင်လို့ ခေါ်ရမှာပါ၊ ဘာကြောင့်လည်းဆိုတော့ ခင်ဗျားဟာ ကမ္ဘာတစ်လွှား တည်ငြိမ်မှုကို ထိန်းချုပ်ဖန်တီးနိုင်လို့ပါပဲ”ဟု ပြောဆိုသည်။ 

ယခု ပြောဆိုမှုများသည် ရုရှနိုင်ငံ ဗလာဒီဗိုစတော့မြို့က အရှေ့စီးပွားရေးဖိုရမ်တွင် ဆိုးဝါးသည့် ခေါင်းဆောင်တစ်ဦး၏ နှုတ်မှ နောက်တစ်ဦးအား ချီးမွှမ်းခန်းဖွင့်ရာမှ ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။ 

ပူတင်က တုံ့ပြန်ပြောဆိုရာတွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၌ ကာလရှည် ယုံကြည်ရသည့် မိတ်ဖက်ဖြစ်ကြောင်း ပြောဆိုသည်။ 

မင်းအောင်လှိုင်က ဆက်လက်ပြီး “ခင်ဗျားတို့နိုင်ငံဟာ ကြီးမြတ်ပြီး သမိုင်းတွင်ပါပဲ”ဟု ပြောဆိုသည်။ 

“နှစ် ၃၀ နီးပါးလောက်က ခင်ဗျားတို့မှာ ခက်ခဲတဲ့ အချိန်ကာလတွေ ရှိခဲ့တာပဲ၊ ဒါပေမဲ့ ဒီကာလကို ခင်ဗျားရဲ့ အကူအညီနဲ့ ကျော်လွှားခဲ့ကြတယ်၊ နိုင်ငံဟာ အတိုင်းထက်အလွန် ဖွံ့ဖြိုးတိုးတက်နေပြီး ဖြစ်ပါတယ်၊ ကျွန်တော်တို့တွေ ဖွံ့ဖြိုးမှု ခြေလှမ်းတွေကို မြင်တွေ့နေရတယ်”ဟု မင်းအောင်လှိုင်က ပြောသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၁ စစ်အာဏာသိမ်းချိန်မှစပြီး စစ်အာဏာသိမ်းအုပ်စု၏ လုံခြုံရေးတပ်ဖွဲ့များက လူပေါင်း ၂,၂၆၇ ဦးကို သတ်ဖြတ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံ့ရေးအဖွဲ့( AAPP) အရ သိရသည်။ 

အာဏာသိမ်းချိန်မှစကာ ဖမ်းဆီးထားသူပေါင်း ၁၅,၄၁၆ ဦး ရှိသည်။ မကြာသေးခင်ကလည်း ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီ ဘိုးမန်နှင့် ၎င်း၏ ခင်ပွန်းဖြစ်သူတို့ကို ဖမ်းဆီးကာ ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly