ဘာသာရေးလူနည်းစုများအပေါ် ခွဲခြားဆက်ဆံမှု ရပ်တန့်ရေး ပါကစ္စတန်ကို အိန္ဒိယ တောင်းဆို

ဘာသာရေးလူနည်းစုများအပေါ် ခွဲခြားဆက်ဆံမှု ရပ်တန့်ရေး ပါကစ္စတန်ကို အိန္ဒိယ တောင်းဆို

ပါကစ္စတန်နိုင်ငံတွင် ဟိန္ဒူများ၊ ဆစ်ခ်များနှင့် ခရစ်ယာန်ဘာသာဝင်များ အပါအဝင် လူနည်းစုများအပေါ် ခွဲခြားဆက်ဆံနေမှုများ ရပ်ဆိုင်းရေး အိန္ဒိယက ဩဂုတ် ၂၅ ရက်တွင် ပါကစ္စတန်အာဏာပိုင်တို့ကို တိုက်တွန်းတောင်းဆိုလိုက်သည်။ ထိုမတိုင်မီ ဩဂုတ်လ ၂၀ ရက်ညနေခင်းက ပါကစ္စတန်တွင် ဆစ်ခ်ဘာသာဝင်မိန်းကလေးတစ်ဦး အတင်းအကျပ် ပြန်ပေးဆွဲခေါ်ဆောင်ခံရပြီး အစ္စလမ်ဘာသာသို့ ကူးပြောင်းခိုင်းခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားထားခဲ့သည်။

“ပြန်ပေးဆွဲခေါ်ဆောင်တာ၊ အတင်းအကျပ် အယူဘာသာကူးပြောင်းခိုင်းတာနဲ့ အတင်းအကျပ် လက်ထပ်ခိုင်းတာတို့နဲ့ ပတ်သက်တဲ့ မီဒီယာသတင်းဖော်ပြချက်တွေ ကျွန်တော်တို့ တွေ့မြင်ခဲ့ရပါတယ်။ နောက်ပြီး ရဲတွေက ကနဦးသတင်းပေးတိုင်ကြားချက် ဖွင့်ပေးဖို့ ငြင်းဆန်လို့ မိသားစုနဲ့ ဆစ်ခ်အသိုင်းအဝိုင်းက ဆန္ဒပြပွဲတစ်ခု လုပ်ကြတဲ့ သတင်းကိုလည်း ကျွန်တော်တို့ ကြားခဲ့ပါတယ်။ ဟိန္ဒူတွေ၊ ဆစ်ခ်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေ အပါအဝင် လူနည်းစုတွေကို ပစ်မှတ်ထားတဲ့အပေါ် မိမိတို့ အပြင်းအထန် ရှုတ်ချပါတယ်။ အိန္ဒိယအစိုးရအနေနဲ့ အဲဒီလို ကိစ္စတွေနဲ့ပတ်သက်လို့ ပါကစ္စတန်အစိုးရကို သံတမန် လမ်းကြောင်းတွေကနေတဆင့် အသိပေးတင်ပြထားပါတယ်။ လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ရပ်ဆိုင်းဖို့ မိမိတို့ဘက်က ပါကစ္စတန်ကို တောင်းဆိုပါတယ်။ နိုင်ငံသားအားလုံးအတွက် ဘေးကင်းမှု၊ လုံခြုံမှုနဲ့ ကောင်းကျိုးချမ်းသာတို့ အသေအချာရရှိစေနိုင်မယ့် တာဝန်ဝတ္တရားတွေကို ဆောင်ရွက်ဖို့ မိမိတို့ တောင်းဆိုပါတယ်” ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အာရင်ဒမ် ဘက်ဂ်ချီက အပတ်စဉ် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။
 
ဂူရူချာရန် ဆင်းဂ်၏ သမီးဖြစ်သူ ဒီနာ ကာအူသည် သေနတ်ထောက် ပြန်ပေးဆွဲခံရကာ အဓမ္မပြုကျင့်ခံခဲ့ရပြီး ထို့နောက် ဒေသအာဏာပိုင်တို့နှင့် ရဲတပ်ဖွဲ့၏ အကူအညီဖြင့် သူမကို ပြန်ပေးဆွဲသူနှင့် လက်ထပ်ပေးစားခြင်း ခံခဲ့ရသည်။
 
ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုနှင့်ပတ်သက်ပြီး ရာနှင့်ချီသော ဆစ်ခ်ဘာသာဝင်များနှင့် အခြားဒေသခံများက လမ်းများကို ပိတ်ဆို့ဆန္ဒပြခဲ့ကြပြီး တရားမျှတမှုရရေး တောင်းဆိုခဲ့ကြသည်။

“ဒီလိုကိစ္စတွေအပေါ် မိမိတို့ အင်မတန် စိုးရိမ်ပူပန်ရပါတယ်။ ပါကစ္စတန်မှာ ဒီလောက်အထိ ဘာသာရေးအရ ချုပ်ချယ်မှု အတိုင်းအတာမျိုးကို မြင်ရတော့ ထိတ်လန့်တုန်လှုပ်မိပါတယ်။ ဘာသာရေး လူနည်းစုတွေအပေါ် ဥပဒေစိုးမိုးရေးအာဏာပိုင်တွေက အရေးမစိုက်ဘဲ ပစ်ထားတာက ဒီစနစ်ရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပါတယ်။ ဒါက ပါကစ္စတန်မှာ လူနည်းစု အသိုင်းအဝိုင်း ကြုံတွေ့နေရတဲ့ ဘာသာရေး ဖိနှိပ်ခံရမှုရဲ့ နောက်ထပ် ဥပမာတစ်ခု အဖြစ် ကျွန်တော်တို့ ရှုမြင်ပါတယ်” ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပါကစ္စတန်တွင် ဆစ်ခ်ဘာသာဝင် အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရခြင်းနှင့် ပတ်သက်ပြီး ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly