ထိုင်ဝမ်အစွန်အဖျားကျွန်းများပေါ် ပျံသန်းနေသော မောင်းသူမဲ့ယာဉ်များတွင် စက်ဘက်ဆိုင်ရာဒရုန်းများ ပါဝင်နေ

By RFA
05 September 2022
ထိုင်ဝမ်အစွန်အဖျားကျွန်းများပေါ် ပျံသန်းနေသော မောင်းသူမဲ့ယာဉ်များတွင် စက်ဘက်ဆိုင်ရာဒရုန်းများ ပါဝင်နေ

ထိုင်ဝမ်စစ်တပ်သည် ပြီးခဲ့သောသီတင်းပတ်က ကျွန်းအစွန်အဖျားရှိ ကင်မန်စီရင်စုအထက်တွင်ပျံသန်းနေသော အရပ်ဘက်သုံး ဒရုန်းတစ်စင်းကို ပစ်ချပြီးနောက် စက်ဘက်သုံးအပါအဝင် တရုတ်ဒရုန်းများသည် ထိုင်ဝမ်ကောင်းကင်တွင် ဆက်လက်ပျံသန်းနေဆဲဖြစ်သည်။ 

ထိုင်ဝမ်လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) ကို စက်တင်ဘာ ၅ ရက်က ဖြတ်သန်းသွားသော BZK-007နည်းဗျူဟာကင်းထောက် မောင်းသူမဲ့လေယာဉ်ငယ်အပါအဝင် တရုတ်စစ်တပ်မှ ဒရုန်းများသည် ထိုင်ဝမ်ဝန်းကျင်တွင်  ၂ ရက်ဆက်တိုက် ပျံသန်းခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်းအရှေ့ဘက် ထိုင်ဝမ်လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်အတွင်း တွေ့ရှိခဲ့သော BZK-007၏ ပျံသန်းရာလမ်းကြောင်းကိုလည်း ဝန်ကြီးဌာနက ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။ 

BZK-007 သည် ကွေကျိုးလေယာဉ်စက်မှုလုပ်ငန်းကော်ပိုရေးရှင်းမှ ထုတ်လုပ်သည့် တရုတ်ပြည်တွင်းထုတ် မောင်းသူမဲ့လေယာဉ်ငယ်ဖြစ်သည်။ 

အနီအောက်ရောင်ခြည်သုံး ကင်မရာများနှင့် အဝေးထိန်း အာရုံခံကိရိယာများ တပ်ဆင်ထားပြီး ထောက်လှမ်းရေးရည်ရွယ်ချက်အတွက် အသုံးပြုသည်။

 လိုင်ယွန်ကျွန်းငယ်တွင် တပ်စွဲထားသော တပ်ဖွဲ့များက အမျိုးအမည်မသိ အရပ်ဘက်သုံး ဒရုန်းတစ်စင်းကို ပစ်ချပြီး နောက်တစ်ရက်တွင် ကင်မန်ကျွန်းငယ်တွင် ဒရုန်းအစုအဖွဲ့ ၂ ခုကိုတွေ့မြင်ခဲ့သော်လည်း သတိပေးချက်သံကြားပြီးနောက် ပြန်လည်ထွက်ခွါသွားကြောင်း ကင်မန်ကာကွယ်ရေးဌာနချုပ်က စက်တင်ဘာ ၂ ရက်တွင် ပြောသည်။

လိုင်ယွန်နှင့် ကင်မန်ကျွန်းငယ်တို့သည် ကင်မန်ကောင်တီရှိ ကျွန်းများစွာထဲမှ ကျွန်း ၂ ခုဖြစ်ပြီး ထိုင်ဝမ်ပင်မကျွန်းနှင့် ၁၈၀ ကီလိုမီတာ (၁၁၂ မိုင်) ကွာဝေးသော်လည်း တရုတ်ပြည်မကြီးမှ ၁၀ ကီလိုမီတာအောက် (၆ မိုင်) သာကွာဝေးသည်။

ဒရုန်းများမှ ကမ်းခြေပေါ်သို့ ပစ်ချခဲ့သည်ဟု ယူဆရသော စားစရာအထုပ်တချို့ကိုလည်း ကင်မန်တွင် ကင်းလှည့်နေသော အစောင့်တပ်များက တွေ့ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required