ငါးသိုင်းချောင်းမြို့တွင် နေအိမ်ကို သူခိုးဝင်၍ အော်ဟစ်အကူအညီတောင်းသည့် အငြိမ်းစားဆရာမ အသတ်ခံရ

ငါးသိုင်းချောင်းမြို့တွင် နေအိမ်ကို သူခိုးဝင်၍ အော်ဟစ်အကူအညီတောင်းသည့် အငြိမ်းစားဆရာမ အသတ်ခံရ

စက်တင်ဘာလ ၇ ရက်

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့၊ မြို့မရပ်ကွက်၊နေဝင်းလမ်းတွင် စက်တင်ဘာလ ၆ ရက်နေ့ မနက် ၇ နာရီ ဝန်းကျင်ခန့်က အငြိမ်းစား ကျောင်းဆရာမတစ်ဦး အသတ်ခံခဲ့ရကြောင်းဒေသခံများထံက သိရသည်။

သေဆုံးသူ ဆရာမ ဒေါ်ခင်မေအုန်းသည် အငြိမ်းစားယူပြီးနောက်ပိုင်း နေဝင်းလမ်းတွင် ဘော်ဒါဆောင်ဖွင့်လှစ်ထားသည်ဟု သိရပြီး ၎င်းနေထိုင်သည့် ဘော်ဒါဆောင်အတွင်း သူခိုးဝင်ရောက်သဖြင့် အော်ဟစ်အကူအညီတောင်းခံရာက အသတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

"ဆရာမ အော်တဲ့အသံကြားလို့ တံခါးတွေဖျက်ဝင်ပြီးကြည့်တော့ ဓားဒဏ်ရာတွေတော်တော်ရထားပြီး လဲနေပြီ။သိသိချင်းမှာပဲ ဆေးရုံကိုပို့ကြသေးတယ်။လမ်းမှာတင် ဆုံးသွားတာပါ။သူခိုးကလူမိတော့ မသေမချင်းသတ်သွားတဲ့ ပုံစံထင်ပါတယ်"ဟု ဒေသခံက ဆိုသည်။

အခင်းဖြစ်ပွားပြီး မနက်ပိုင်းတွင် စစ်ကောင်စီတပ်သားတချို့နှင့် ရဲများရောက်ရှိလာကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟုသိရပြီး သေဆုံးသူ၏ရုပ်အလောင်းကို စစ်ဆေးမှုများပြုလုပ်နေသည်ဟု သိရသည်။

လက်ရှိတွင် ဒေါ်ခင်မေအုန်းအား မသေမချင်းသတ်သွားသည့် လူသတ်တရားခံမှာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်ဟုသိရပြီး မည်သည့် ပုဒ်မများနှင့် အမှုဖွင့်ထားသည်ကို အတိအကျမသိရသေးကြောင်း ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။

ဧရာဝတီတိုင်းတွင် လူကိုသတ်ကာ ပစ္စည်းလုယူမှုများ၊ အိမ်ဖောက်ထွင်းခံရမှုများနှင့် ခိုးမှုများ မကြာခဏဆိုသလို ဖြစ်ပေါ်နေသော်လည်း စစ်ကောင်စီတပ်များနှင့် ရဲများက တရားခံများကို ထိထိရောက်ရောက် လိုက်လံဖမ်းဆီးဖော်ထုတ်ခြင်းမရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly