နွေဦးတော်လှန်ရေးတွင် တော်လှန်ရေးရဲဘော် ဦးရေ ၁,၅၀၀ကျော်ကျဆုံးဟုဆို

နွေဦးတော်လှန်ရေးတွင် တော်လှန်ရေးရဲဘော် ဦးရေ ၁,၅၀၀ကျော်ကျဆုံးဟုဆို

September 7

နွေဦးတော်လှန်ရေးတွင် ပါဝင်သည့် တော်လှန်ရဲဘော်စုစုပေါင်း ဦးရေ ၁,၅၀၀ကျော် ကျဆုံးခဲ့ပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလက ၂၀၂၂ခုနှစ် စက်တင်ဘာလ ၇ရက်နေ့တွင် ပြောကြားသည့် ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တစ်နှစ်ပြည့် အခြေပြမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါစာရင်းမှာ နွေဦးတော်လှန်ရေး ခရီးစဉ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေး တပ်များအပြင် အင်အားစုအသီးသီးမှ ဖွဲ့စည်းထားသည့် တပ်ဖွဲ့များမှ ကျဆုံးခဲ့ရသူများဖြစ်ကြောင်း သိရသည်။

“တိုင်းပြည်အတွက် အသက်ပေးသွားကြတဲ့ ပြည်သူ့အာဇာနည် ပုဂ္ဂိုလ်အပေါင်းကို အလေးပြုအပ်ပါတယ်”ဟု ယာယီသမ္မတက ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်တွင် ဖြစ်ပေါ်လာသော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို ခုခံတော်လှန် တိုက်ခိုက်ရန်အတွက် ပြည်သူလူထုက လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။

ထို့နောက် တစ်နှစ်ကျော် ကြာလာသည့် အချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရမှ ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ပေါင်း ၃၀၀ကျော် နှင့် တော်လှန်တပ်များ ပေါ်ပေါက်လာခဲ့ကြသည်။

လက်နက်ကိုင် တော်လှန်ရေး စတင်ဆောင်ရွက်သည့် အချိန်မှစ၍ လက်ရှိအချိန်ထိ ပြည်ပမှ အကူအညီများ ရရှိခဲ့ခြင်းမရှိဘဲ ပြည်သူအားဖြင့်သာ ဆောင်ရွက်ခဲ့ရသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးချိန်တွင် ပြည်သူလူထုက လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့သော်လည်း စစ်တပ်က အာဏာလွှဲပြောင်းခြင်း မရှိသည့်အပြင် အကြမ်းဖက်လာသဖြင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

တော်လှန်ရေးကာလ တစ်နှစ်ကျော်အတွင်း လက်နက်ခဲယမ်း လူသူအင်အား စုဆောင်းခြင်းများကို တော်လှန်ရေးအဖွဲ့များက စုဆောင်းရင်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

လက်နက်အင်အား မပြည်စုံသည့် ကြားကပင် စစ်ကောင်စီကို ခုခံတိုက်ခိုက်ခဲ့ကြပြီး လက်ရှိအချိန်တွင် စစ်သား၂၀, ၁၅၀ကျော် သေဆုံးသွားပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဆိုသည်။ ထို့အပြင် နိုင်ငံဧရိယာ၏ ၁၀ရာခိုင်နှုန်းကျော်ကို တော်လှန်ရေးအဖွဲ့များက စိုးမိုးထားပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က မဇ္ဈိမသို့ ဧပြီလအတွင်းက ဖြေကြားထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

ပုံစာ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များလေ့ကျင့်နေစဉ်

#နွေဦးတော်လှန်ရေး

#အမျိုးသားညီညွတ်ရေးအစိုးရ

#ကာကွယ်ရေးဝန်ကြီးဌာန

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly